ဘယ်သူတွေက မနာလို၊ အားကျစိတ် ပိုဖြစ်တတ်သလဲ

အမျိုးသမီးတယောက် အောင်မြင်လာရင် သူ့ကို တိုက်ခိုက်တာမှာ မိန်းမနဲ့ ယောက်ျား ဘယ်သူက ရာခိုင်နှုန်း ပိုများမယ် ထင်သလဲ။ အမျိုးသားတယောက် အောင်မြင်ရင်ရော သူ့ကို ဝေဖန်တိုက်ခိုက်တာမှာ ဘယ်သူက ရာခိုင်နှုန်း ပိုများမယ် ထင်ပါသလဲ။
 
အဖြေကတော့ လိင်အုပ်စုတူသူ အချင်းချင်း မနာလိုဝန်တိုတာ၊ တိုက်ခိုက်တာ ပိုများပါသတဲ့။ အမေရိကန် စိတ်ပညာရှင်တွေ ဖြစ်ကြတဲ့ ဒန်နီရယ် ဂျေ ပရီရော၊ ဆာရာ အီး ဟေး နဲ့ ဒေးဗစ် အမ် ဘတ်စ် တို့ ၃ ဦး ၂၀၁၂ ခုနှစ်တုန်းက လုပ်ထားတဲ့ စမ်းသပ်မှုတစ်ခုအရ ဒီအဖြေထွက်တာ ဖြစ်ပါတယ်။
 
အောင်မြင်တဲ့အမျိုးသမီးတွေကို အမျိုးသားတွေက အားအားနေ အတင်းတုတ်လေ့မရှိသလို အောင်မြင်တဲ့ အမျိုးသားတွေကိုလည်း အမျိုးသမီးတွေက ဘာသိဘာသာပါပဲတဲ့။ ရာခိုင်နှုန်းနဲ့ ပြောရင်တော့ အောင်မြင်တဲ့အမျိုးသမီးတဦးကို မနာလိုဝန်တို/အားကျစိတ် ဖြစ်ကြတာမှာ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေကပဲ ပိုများပါသတဲ့။
 
အမျိုးသမီးအချင်းချင်း မနာလိုဝန်တိုဖြစ်ကြတာတွေက -
- ခန္ဓာကိုယ် အချိုးအစားဆွဲဆောင်မှုရှိတာ
- နာမည်ကျော်ကြားတာ
- လူဝင်ဆံ့တာ/လူရာဝင်တာ
- ဆွေကြီးမျိုးကြီးဖြစ်တာနဲ့
- အဝတ်အစားကောင်း ဝတ်နိုင်တာတွေ လို့ဆိုတယ်။
 
အဲ့ဒီလိုပဲ အောင်မြင်တဲ့ အမျိုးသားတဦးအပေါ် မနာလိုဝန်တို/အားကျစိတ်ဖြစ်တာမှာ အမျိုးသမီးဦးရေထက် အမျိုးသားဦးရေကပဲ ပိုများပါသတဲ့။
 
အမျိုးသားအချင်းချင်း မနာလိုဝန်တိုဖြစ်ကြတာတွေက -
- လှပတဲ့အမျိုးသမီးကို ပိုင်ဆိုင်နိုင်တာ
- ငွေကြေးပြည့်စုံတာ/ငွေပိုရှာနိုင်တာ
- အရှိန်အဝါ/သြဇာကြီးတာ
- ပညာရေးမှာ ထူးချွန်တာ
- အားကစားမှာ ပိုတော်တာ တွေဖြစ်ကြတယ်လို့ ဆိုတယ်။
 
ရုပ်ချောတာနဲ့ ပတ်သက်လို့တော့ ထူးခြားမှုလေးတွေ ရှိပါတယ်။ အမျိုးသမီး ၁၇ ဒသမ ၈ ရာခိုင်နှုန်းက ကိုယ့်ထက်ပိုပြီး ဆွဲဆောင်မှုရှိတဲ့ တခြားအမျိုးသမီးတွေကို မနာလိုဖြစ်ကြချိန်မှာ ၇ ဒသမ ၇ ရာခိုင်နှုန်းသော အမျိုးသားတွေကပဲ ပိုပြီးကြည့်ကောင်းတဲ့ တခြားအမျိုးသားတဦးကို မနာလိုဖြစ်ကြပါသတဲ့။ သဘောကတော့ ယောက်ျားအချင်းချင်းဆိုရင် ရုပ်ချောတဲ့ဘဲကို ရုပ်မချောတဲ့ဘဲက မနာလို ဖြစ်တာ နည်းပါသတဲ့။
 
ငွေပိုရှာနိုင်တာ၊ ငွေဖြုန်းနိုင်တာနဲ့ ပတ်သက်လို့တော့ ပြောင်းပြန်ပါ။
 
၁၂ ဒသမ ၆ ရာခိုင်နှုန်းသော အမျိုးသားတွေက ငွေပိုရှာ/ငွေပိုဖြုန်းနိုင်တဲ့ အခြားအမျိုးသားတွေကို မနာလိုအားကျစိတ်ဖြစ်ကြချိန်မှာ အမျိုးသမီးအချင်းချင်းကျတော့ ငွေပိုရှာနိုင်၊ ငွေပိုဖြုန်းနိုင်တဲ့ အခြားအမျိုးသမီးတဦးကို မနာလိုတာက ၈ ဒသမ ၄ ရာခိုင်နှုန်းပဲ ရှိတယ်လို့ ဆိုတယ်။
 
အဝတ်အစားအသုံးအဆောင်နဲ့ ပတ်သက်လို့ အမျိုးသားအချင်းချင်းကြားမှာ ကားအကောင်းစား စီးနိုင်တာ၊ နာရီအကောင်းစား ပတ်နိုင်တာတွေကို မနာလိုဖြစ်ကြပေမဲ့ - ဝတ်ကောင်းစားလှပိုပြီး ဝတ်နိုင်သူကို အမျိုးသမီးချင်းအချင်း မနာလိုဖြစ်ကြက အမျိုးသားအချင်းချင်း မနာလိုမှုထက် ၆ ဆ တိတိ ပိုများပါသတဲ့။
 
နောက်ထပ် စမ်းသပ်ချက်တစ်ခု
 
အမျိုးသားအချင်းချင်း မနာလို/အားကျစိတ်ဖြစ်တာတွေကို ၁၉ ခုထိ ချရေးခိုင်းတာမှာ နံပါတ် ၁ အများဆုံးအဖြေက ‘အရှိန်အဝါ/သြဇာကြီးတာ’ က ထိပ်ဆုံးမှာရှိပြီး ‘လှပတဲ့အမျိုးသမီးကို ပိုင်ဆိုင်နိုင်တာ’ ကတော့ တတိယမြောက် ဦးစားပေး ဖြစ်တယ်လို့ဆိုပါတယ်။
 
ဒါပေမဲ့ ကိုယ့်အမျိုးသားထက် ပိုပြီးခန့်ညားချောမောတဲ့ အမျိုးသားပိုင်ဆိုင်တဲ့ အမျိုးသမီးကို အမျိုးသမီး အချင်းချင်း မနာလိုဖြစ်ကြတာက နံပါတ် ၈ နေရာလောက်မှာပဲ ရှိပါသတဲ့။ အမျိုးသမီးအချင်းချင်းမှာတော့ ‘ပိုပြီး ဆွဲဆောင်မှုရှိတာ’ အပေါ် မနာလို/အားကျစိတ် အဖြစ်ဆုံးလို့ ဆိုပါတယ်။
 
သဘောကတော့ ဘဲချောချောတွဲနေတဲ့ အမျိုးသမီးကို အခြားအမျိုးသမီးတဦးက မနာလို အားကျတာ သိပ်မဖြစ်ဘဲ ကိုယ့်ထက်ပိုပြီး ခန္ဓာကိုယ်လှတာ၊ ပိုပြီးဆွဲဆောင်မှုရှိတာကို မနာလိုဖြစ်တာကသာ ပိုများတယ်လို့ ဆိုတယ်။
 
အချုပ်ဆိုရရင်တော့ စစ်တမ်းတွေနဲ့ လေ့လာမှုပေါင်းများစွာအရ အမျိုးသမီးတွေ ကိုယ့်ချစ်သူ ရည်းစားရွေးရာမှာ အမျိုးသားတွေရဲ့ ‘အရှိန်အဝါ/သြဇာကြီးတာ’ နဲ့ ‘ငွေကြေးပြည့်စုံတာ/ငွေပိုရှာနိုင်တာ’ ကို ဦးစားပေးကြပြီး ဘဲတွေ ရုပ်ချော မချောဆိုတာကိုတော့ သိပ်မကြည့်ကြဘူးလို့ ဆိုတယ်။
 
အမျိုးသားတွေ အချင်းချင်းကျတော့ ‘ငွေကြေး ပြည့်စုံတာ/ငွေပိုရှာနိုင်တာ’ ထက် လှပတဲ့အမျိုးသမီးကို ပိုင်ဆိုင်နိုင်တာကို ပိုပြီး မနာလို/အားကျစိတ် ဖြစ်ကြပါသတဲ့။
◼︎
 
မှီငြမ်း - Personality and Individual Differences, Volume 53, Issue 3, August 2012, Pages 317-322 မှာ ပါတဲ့ Danielle J. Del Priore, Sarah E. Hill and David M. Buss တို့ရဲ့ Envy: Functional specificity and sex-differentiated design features စစ်တမ်း။

You can treat me a cup of coffee.

wave

Press ESC to close