မရတ် ဆိုတာ ဘယ်သူလဲ

တချို့ကတော့လည်း ‘ထားလိုက်ပါ’ လို့ ဆိုကြတယ်။ ‘အချိန်တန်ရင် သိသွားမှာပေါ့’ လို့ ဆိုကြတယ်။ တချို့ကတော့လည်း တိုက်ခိုက်တာ အရမ်းများတော့ တစ်ခုခု ဖြေရှင်းပါလားလို့ ဂရုဏာဒေါသောနဲ့ ပြောကြပြန်တယ်။ အထူးသဖြင့် ကျနော်နဲ့ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးကိစ္စတွေ အပေါ် သတင်းမှားတွေ ဖြန့်တဲ့အကြောင်းအရာတွေပါ။

 

‘သတင်းမှားတွေကို တောက်လျှောက် တိုက်ခဲ့သူ၊ ခုတော့ သတင်းမှားတွေနဲ့ ပြန်တိုက်ခိုက်ခံနေရတာ’ သဘာဝကျတယ်ပဲ ပြောရပါတော့မယ်။ သိချင်ကြတာက ‘ဒီကောင် ဘာကောင်လဲ’ ပေါ့။ ‘ဒီကောင့် ဇာစ်မြစ်က ဘာလဲ’ ပေါ့။ တချို့ကဆို အာဏာသိမ်းမှ ရုတ်တရက် ပေါ်လာသယောင်တောင် ရေးကြပြောကြတာ တွေ့ရတယ်။ တချို့ကျတော့လည်း 'အကိုက သတင်းထောက်လား' ဆိုပြီး ထူးထူးဆန်းဆန်း မေးခွန်းမေးကြပြန်တယ်။

 

ခပ်ရှင်းရှင်း ပြောချင်တာကတော့ ဒီလိုချိန်မှာ ကျနော့်အကြောင်း ပြောရတာ စိတ်ထဲ မလုံပါ။ သတင်းတွေ ဒီလောက် အရေးကြီးနေတဲ့အချိန် ကျနော်က ဘာကောင်မှ မဟုတ်တော့ ‘ကိုယ့်အကြောင်းကိုယ် ဘာလို့ ပြောနေရမှာလဲ’ လို့ပဲ တွေးပါတယ်။ တကယ်အရေးမကြီးတဲ့ အကြောင်းအရာတွေပါ။ အမြဲပြောခဲ့သလိုပဲ ခု စာကို “အသက်ပေး တိုက်နေကြတဲ့ တော်လှန်ရေးသမားတွေ အချိန်ကုန်ခံ ဖတ်စရာမလိုပါ” ခင်ဗျာ။

 

ပြီးတော့ သတင်းမှားတွေ ထိုင်လွှင့်နေကြသူတွေကိုလည်း ဂရုမစိုက်ပါ။ ကျနော်ဘာလုပ်လုပ်၊ နောက်ဆုံး ဘယ်သူဘာလုပ်လုပ် ထိုင်ပြီး သတင်းမှားလွှင့်ချင်သူကတော့ လွှင့်နေမှာပါပဲ။ တောထဲရောက်ပြီး သေနတ်ကိုင်တိုက်နေတဲ့ လူတွေကိုတောင် သတင်းမှားလွှင့်ကြသေးတာပဲ မဟုတ်လား။ ခု စာရဲ့ ရည်ရွယ်ချက်က ဟိုဟာယုံရမလို၊ ဒီဟာယုံရမလို၊ ကြားမှာ ‘လိုလို’ ဖြစ်နေကြတဲ့ မိတ်ဆွေတွေအတွက်ပါ။ ဒီစာက ‘ကိုယ်တိုင်ရေး အထ္တုပ္ပတ္တိတို’ လို့ ပြောရင်လည်း ရမှာပါ။

 

ကျနော်က ၂၀၁၀ ခုနှစ်မှာ သတင်းလုပ်ငန်းကို စတင်ခဲ့ပါတယ်။ တကယ်တော့ ၂၀၀၇ ရွှေဝါရောင်အပြီး ကျနော် ဒဂုံတက္ကသိုလ် အင်္ဂလိပ်စာ ဒုတိယနှစ် တက်နေတုန်းမှာပဲ ရန်ကုန် ပန်းဆိုးတန်းလမ်း အလယ်ဘလောက်က Ever Win Media အောက်က ‘နိုင်ငံတကာ သတင်းဂျာနယ်’ မှာ ဘာသာပြန် လုပ်ခဲ့ဖူးပါတယ်။

 

အဲ့ဒီတုန်းက လောင်ချာတွေ၊ တင့်ကားကြီးတွေ၊ ဒုံးကျည်တွေ ဂျာနယ်မျက်နှာဖုံးမှာ တင်ရင် လူဖတ်များတဲ့အချိန်ပေါ့။ ပျင်းတာရော၊ စိတ်မပါတာရောကြောင့် တပတ်ပဲလုပ်ပြီး အလုပ်ထွက်ခဲ့ပါတယ်။ ကျနော် ‘နိုင်ငံတကာ သတင်းဂျာနယ်’ မှာ တပတ်လုပ်ခဲ့ဖူးတာကို မိတ်ဆွေအရင်းတွေနဲ့ ကန်တော်လေး ၉၁ လမ်း (လမ်းရှည်) ထဲက မိတ်ဆွေရင်းချာတွေလောက်ပဲ သိကြတယ်။ ကျနော် မင်္ဂလာတောင်ညွန့် ၉၁ လမ်းနဲ့ မန္တလေးလမ်းထဲမှာ ၃ နှစ်နီးပါး နေခဲ့တယ်။

 

ဒဂုံတက္ကသိုလ်ကနေ ၂၀၀၉ ခုနှစ်မှာ ဘွဲ့ရခဲ့ပြီး ၂၀၁၀ တစ်နှစ်လုံး ရွှေပြည်သာက မိဘမဲ့ စာသင်ကျောင်းလေးမှာ သူငယ်ချင်းတွေနဲ့ စုပြီး စာသင်ခဲ့တယ်။ ဒီကာလက အပျော်ရွှင်ရဆုံး ကာလတွေထဲ တစ်ခုလို့ ပြောလို့ရမယ်။ မိတ်ဆွေရင်းချာတွေလည်း တိုးခဲ့တယ်။ ပြောရရင် အဲ့ဒီကာလတုန်းက အမေရိကန် စင်တာတို့၊ ဗြိတိသျှကောင်စီတို့ကို ဝင်လိုက်ထွက်လိုက်ဖြစ်ခဲ့တော့ အဲ့ဒီမှာ နိုင်ငံရေးနယ်ပယ်ထဲက လူတွေနဲ့ ဆုံရတယ်။ ဆုံရတဲ့လူတွေထဲ ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် ပြည်နယ်နဲ့ တိုင်းတွေမှာ ဝန်ကြီးချုပ်တို့၊ မြို့တော်ဝန်တို့ ဖြစ်သွားကြသူတွေလည်း ပါရဲ့။ တချို့လည်း ခု ထောင်ထဲမှာ။

 

၉ ရက်၊ သြဂုတ်လ၊ ၁၉၉၀ မှာမွေးတဲ့ ကျနော်က အဲ့ဒီတုန်းက အသက်က ၂၀ ပေါ့။ ဒီလိုအချိန်မှာပဲ ကျနော့်ဘော်ဒါတကောင်က သူ့မိတ်ဆွေတယောက် ဂျာနယ်ထုတ်ဖို့ရှိတယ်၊ ဝင် လုပ်မလားဆိုတာနဲ့ အင်တာဗျူးဖြေဖို့ လုပ်တယ်။ ဂျာနယ်နာမည်က “ယူနတီ ဝိခလီး” Unity Weekly။ ဒီဂျာနယ်ကို အဓိက ပိုက်ဆံထောက်ပံ့တာက ကျားဖြူ (SNDP) ပါတီ။

 

နိုင်ငံရေးတွေ၊ ဂျာနယ်လဇင်တွေ၊ ရပ်တည်ချက်တွေ၊ ခံယူချက်တွေ ဦးနှောက်ထဲ အစာချေနေဆဲအချိန်လို့ ပြောရမယ်။ အဲ့ဒါက ၂၀၁၁ ခုနှစ်၊ ကျနော့်အသက် ၂၁။ အဲ့ဒီနောက် ကျားဖြူပါတီရဲ့ လူကြီးပိုင်းတွေက သတင်းခန်းလွတ်လပ်ခွင့်ကို စွက်ဖက်ဖို့ ကြိုးစားလာခဲ့တယ်။ ပါတီရဲ့ သတင်းတွေကို ဂျာနယ်မှာ ဖော်ပြဖို့ တွန်းအားပေးတာမျိုးပေါ့။

 

သတင်းစာအပေါ် နိုင်ငံရေးပါတီက လွှမ်းမိုးလာတာကို မကြိုက်ကြတော့ အယ်ဒီတာချုပ်နဲ့ ကျနော်အပါအဝင် ရှိသမျှ သတင်းထောက်တွေ အလုပ်ထွက်ခဲ့ကြတယ်။ ပြီးတော့ New Day နဲ့ Myanmar Post Global ဂျာနယ်တွေမှာ အလွတ်တန်း သတင်းထောက် နှစ်လ လုပ်ခဲ့တယ်။ အဲ့ဒီကာလက မဇ္စျိမတို့၊ ဧရာဝတီ သတင်းဌာနတို့ဆိုတာ ပြည်ပမှာပဲ ရှိသေးတယ်။ အလွတ်တန်း သတင်းထောက်လုပ်နေတဲ့ ကာလအတွင်း မှတ်မှတ်ရရ မဇ္စျိမကို သတင်းတပုဒ် ရေးပို့ခဲ့ဖူးတယ်။ 

 

ဗိုလ်သိန်းစိန် သမ္မတဖြစ်လာပြီး ပြည်ပက မီဒီယာတွေကို ပြန်ဝင်ခွင့်ပြုလိုက်ပြီးတဲ့နောက် ရန်ကုန် ပုလဲကွန်ဒိုမှာ ရုံးခန်းလာဖွင့်တဲ့ မဇ္စျိမ မီဒီယာ မှာ အလုပ်ဝင်ခဲ့တယ်။ ကျနော့်အသက် ၂၃ နှစ်၊ ၂၀၁၃ ခုနှစ်မှာ မဇ္စျိမသတင်းစာမှာ ကျနော် လက်ထောက်အယ်ဒီတာ စဖြစ်တယ်။ ၂၀၁၄ ခုနှစ်မှာ ကျနော် အယ်ဒီတာဖြစ်ပြီ။

 

ပြောရရင် အဲ့ဒီကာလက အယ်ဒီတာဆိုတာ အသက် ၃၀ နဲ့ အထက်တွေမှ အယ်ဒီတာ ဖြစ်ကြတဲ့ခေတ်လို့ပြောရမယ်။ သတင်းခန်းထဲရှိတဲ့ အယ်ဒီတာတွေထဲ အသက် အငယ်ဆုံးနဲ့ အချိုးမပြေဆုံးက ကျနော်ပဲ။ တည့်တဲ့လူလည်း ခပ်ရှားရှားရယ်။ အယ်ဒီတာအဖြစ် ကျနော်ကိုင်ရတဲ့ စာမျက်နှာတွေက မှုခင်း၊ ပြည်တွင်း (နယ်စာမျက်နှာ) နဲ့ လူငယ်နဲ့အမျိုးသမီး စာမျက်နှာတွေ။

 

နောက်တော့ အရင် မြန်မာတိုင်းမ် သတင်းစာ ပိုင်ရှင် ဦးဆန်နီဆွေနဲ့ မဇ္စျိမရဲ့ ဦးဆောင်သူ ဦးစိုးမြင့်တို့ ပူးပေါင်းလိုက်ပြီးတဲ့နောက် မဇ္စျိမဟာ အဲ့ဒီတုန်းက သတင်းလောကမှာ ပိုက်ဆံ အပေးနိုင်ဆုံးနဲ့ သတင်းထောက်၊ အယ်ဒီတာအများဆုံး သတင်းဌာနလို့တောင် ပြောလို့ရတယ်။

 

ကျနော် မဇ္စျိမကနေ ၂၀၁၅ ခုနှစ်မှာ အလုပ်ထွက်ခဲ့တယ်။ အဲ့ဒီနောက် မြန်မာတိုင်းမ် သတင်းဌာနမှာ အလုပ်ဝင်တယ်။ မြန်မာတိုင်းမ်မှာ မပျော်ခဲ့။ အထူးသဖြင့် လွတ်လပ်စွာ ရေးသားခွင့်မရှိခဲ့။ စစ်တပ်က လယ်မြေတွေသိမ်းတဲ့အကြောင်း ကာတွန်းတပုဒ်ကို မြန်မာတိုင်းမ်က ဖော်ပြမိတာကြောင့် စစ်တပ်ကို သတင်းစာက ပြန်တောင်းပန်ပြီးကတည်းက ကျနော် အဲ့ဒီမှာ အလုပ်မလုပ်ချင်တော့ဘူး။ မိတ်ဆွေတွေတော့ တိုးခဲ့တယ်။ မြန်မာတိုင်းမ်မှာ သတင်းရေးခဲ့သမျှထဲ ‘လက်ပံတန်း ကျောင်းသားသပိတ်ဖြိုခွင်းမှု’ သတင်းနဲ့ SOPA အဖွဲ့အစည်းရဲ့ Honorable Mention နဲ့ အသိအမှတ်ပြုမှုရခဲ့တယ်။

 

အဲ့ဒီကာလမှာပဲ ဦးဆန်နီဆွေက မဇ္စျိမကနေထွက်လာခဲ့ပြီး သူ့ဘာသာ သီးခြား အင်္ဂလိပ်မဂ္ဂဇင်းတစောင် လုပ်မယ်ဆိုတာ သိရတယ်။ နာမည်က Frontier Myanmar.

 

ဦးဆန်နီဆွေဆီက ကတိတစ်ခုတောင်းခဲ့တယ်။ ဒါက ကျနော့်အတွက် အရေးကြီးဆုံး အရာပါပဲ။ “သတင်းနဲ့ ပတ်သက်လို့ ကျနော်ရေးသမျှ၊ ပြောသမျှကို ပိုင်ရှင်အနေနဲ့ ဘာမှ ဝင်မစွက်ဖက်ပါဘူး” လို့ ကတိပေးမှ ကျနော် Frontier Myanmar မှာ အလုပ်လုပ်နိုင်မယ်လို့။ ပိုင်ရှင်၊ အလုပ်ရှင်ဆီမှာ ကိုယ်လိုချင်တာ ရမှ အလုပ်လုပ်မယ်လို့ ပြောခဲ့တာ ခုနေ ပြန်စဉ်းစားကြည့်တော့ အတော် ရင့်ခဲ့တာပဲလို့ ဆိုရမယ်။ ဦးဆန်နီဆွေက မဆိုင်းမတွ ကတိပေးခဲ့တယ်။

 

Frontier Myanmar ရဲ့ ပထမဆုံး နေ့ရက်တွေကတည်းက ကျနော်ပါဝင်ခဲ့တယ်။ Frontier Myanmar ဟာ ကျနော့် ဒုတိယအိမ်ပါပဲ။ သတင်းထောက်တွေ အလျှိုအလျှို အလုပ် ထွက်သွားကြပေမယ့် ၂၀၁၅ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်ထိ ၄ နှစ်နီးပါး (မှတ်မိသလောက်ဆိုရင်) ကျနော်ရယ်၊ ပိုင်ရှင် ဦးဆန်နီဆွေရယ်နဲ့ အုပ်ချုပ်ရေးပိုင်းက မေနန်းတို့ပဲကျန်ခဲ့တယ်။ Frontier မှာ ကျနော် လုပ်ချင်တာတွေ လုပ်ခဲ့တယ်။ တကယ်ကို လုပ်ချင်တာတွေပဲ လုပ်ခဲ့တာ။

 

စိတ်ကူးထဲပေါ်လာရင် ချက်ချင်း ကောက် ထ သွားတယ်၊ မောင်တောကနေ မူဆယ်အထိ၊ ခန္ဓီးကနေ ဝ ပြည်၊ မိုင်းလားထဲထိ ကျနော် စိတ်တိုင်းကျ ခရီးသွားခဲ့တယ်။ ဆောင်းပါးတစ်ပုဒ်ရေးဖို့အတွက် မန်းလေးမှာ တစ်လကျော်ကြာ နေခဲ့ဖူးတယ်။ တခါတလေလည်း သတင်းမရေးချင်ရင် တလလောက် ဘာမှ မရေးဘဲ နေခဲ့တဲ့ကာလတွေတောင် ရှိတယ်။

 

ကျနော်စုထားသမျှပိုက်ဆံ သတင်းအတွက် ခရီးသွားဖို့ သုံးတယ်။ ရုံးကလည်း ကျနော် ဘယ်သွားသွား လွှတ်တယ်။ မလွှတ်လည်း သွားတယ်။ ကျနော် ရေးသမျှ သတင်းနဲ့ ဆောင်းပါးမှန်သမျှကိုလည်း အယ်ဒီတာတွေက တည်းဖြတ်ပြီး ဖော်ပြပေးခဲ့တယ်။ ကျနော့်သတင်းထောက်လုပ်သက်တွေထဲ အပျော်ရွှင်ရဆုံး နှစ်တွေပါပဲ။

 

အဲ့ဒီလို လုပ်ချင်တာတွေ၊ ရေးချင်တာတွေ ရေးခဲ့တဲ့အတွက်ပဲ အရှေ့တောင်အာရှက သတင်းထောက်တွေကို တစ်နှစ်မှ တစ်ကြိမ် ပေးတဲ့ Kate Webb ဆု ကို ၂၀၁၇ ခုနှစ်အတွက် ရခဲ့တယ်။ AFP သတင်းဌာနက ပေးတဲ့ဆုပေါ့။ ဆုကြေးငွေ ယူရို ၃၀၀၀ (သုံးထောင်)၊ အမေရိကန်ဒေါ်လာ ၃၅၀၀ (သုံးထောင့်ငါးရာ) ရခဲ့တယ်။

 

ကြာလာတော့ Frontier ဟာ ကျနော့်အတွက် Comfort Zone ဖြစ်လာတယ်။ တနေရာတည်းမှာ နေရတာကို ငြီးငွေ့တတ်တော့ ၂၀၁၉ ခုနှစ်မှာ အလုပ်ထွက်ခဲ့တယ်။ ဒီကြားထဲ နိုင်ငံတကာ မီဒီယာအချို့မှာ ကြိုကြားကြိုကြား ရေးတယ်၊ ဘာသာပြန်လုပ်တယ်။ ဒီလိုနည်းနဲ့ ဖြတ်သန်းခဲ့တယ်။ ဒီကြားထဲ 7Day မှာ ကျနော် ဆောင်းပါးတချို့ ရေးခဲ့သေးတယ်။

 

အဲ့ဒီနောက် ကိုဆွေဝင်းရဲ့ Myanmar NOW သတင်းဌာန မှာ အကြီးတန်းသတင်းထောက် အနေနဲ့ အလုပ်ဝင်ခဲ့တယ်။ အဲ့ဒီမှာ Featured Editor ဖြစ်ခဲ့ပြီး မြန်မာနောင်း မှာလည်း ကျနော် မပျော်ခဲ့ဘူး။ ကျနော့်စိတ်က အဖွဲ့အစည်းတစ်ခုခုအောက်၊ နာမည်တစ်ခုခုအောက်မှာ လုပ်လို့ အဆင်မပြေနိုင်တော့ဘူးဆိုတာ သိလာခဲ့တယ်။

 

၁၀ လအကြာမှာ အလုပ်ထွက်ခဲ့ပြီး ဆုံးဖြတ်ချက်တစ်ခု ချခဲ့တယ်။ အဲ့ဒါက ဘယ်မီဒီယာတိုက်ရဲ့ ခေါင်းစဉ်တစ်ခု၊ အမိုးတစ်ခုအောက်မှာမှ မလုပ်တော့ဘဲ ကိုယ့်ဘာသာ သီးသန့် အလွတ်တန်း သတင်းသမားအဖြစ် ရပ်တည်တော့မယ်ဆိုတာပါပဲ။

 

ရွေးကောက်ပွဲကာလမှာ မဇ္စျိမမှာ စကားစစ်ထိုးပွဲအစီအစဉ်ကို အလွတ်တန်းသတင်းသမားအနေနဲ့ လုပ်ခဲ့တယ်။ ကြားထဲမှာ နိုင်ငံတကာက သတင်းသမားတွေလာရင် စကားပြန်လုပ်ပေးတယ်၊ နိုင်ငံရေးနဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ အလုပ်လာအပ်ရင် ဘာသာပြန်တယ်။ စပိန်သတင်းဌာန တစ်ခုမှာ ပုံမှန်နီးပါး သတင်းတွေရေးနေခဲ့တယ်။ ကျန်တဲ့အချိန်တွေ စက်ဘီး စီးတယ်။

 

ဒီချိန်မှာ တိုင်းပြည် အာဏာသိမ်းခံရတာပါပဲ။

 

ကျနော်က တခြား သတင်းထောက်တွေလိုပဲ သာမန်သတင်းထောက် တယောက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်က အလွတ်တန်း သတင်းထောက်ဆိုတော့ ကျန်တဲ့ သတင်းထောက်တွေလို သတင်းဌာနတစ်ခုတည်းကို သတင်းတွေ ပို့ရတာမဟုတ်တော့ အချိန်ပိုရတယ်။ ကျနော်က တယောက်တည်းပဲ သတင်းရေးတာ ဖြစ်တယ်။ ဒါကြောင့် ကျနော့် ဖေ့စ်ဘွတ်၊ တွစ်တာနဲ့ တယ်လီဂရမ် ချန်နယ်တွေမှာ ကျနော်တောက်လျှောက် သတင်းတွေ တင်ခဲ့တာပဲ ဖြစ်ပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close