စစ် ဆေးရုံတွေကို ဘယ်ကုမ္ပဏီက ဆေးရုံသုံးပစ္စည်းတွေ ရောင်းချနေသလဲ  

စစ်ကောင်စီဟာ ကိုဗစ်ကုသရေးနဲ့ တစ်ဖက်မှာ ထိခိုက်ဒဏ်ရာရတဲ့ စစ်သားတွေကို ကုသပေးနေတာကို ထုံးစံအတိုင်း စစ်ဆေးရုံတွေမှာပဲ ပြုလုပ်လေ့ရှိပါတယ်။ စစ်ဆေးရုံပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိက ဆေးရုံပဲဖြစ်ဖြစ် ဆေးရုံသုံးစက်ပစ္စည်းတွေကိုတော့ ဝယ်ယူသုံးစွဲရတာချည်းပါပဲ။

 

ဒီဖက်မှာ စီဒီအမ်ဆရာဝန်တွေကို ဖမ်းဆီးတာ၊ ဝါရင့် သမားတော် ပါမောက္ခတွေကို ဖမ်းဝရမ်းထုတ် ဖမ်းဆီးတာက အစ ဆက်တိုက် ပြုလုပ်နေပြီး ပြည်သူတွေ ဆေးကုသခွင့် ဆုံးရှုံးနေတာ၊ ဆေးရုံဆေးခန်းတွေ ပိတ်ထားရတာတွေ ဖြစ်နေပေမယ့် စစ်ဆေးရုံတွေကတော့ လည်ပတ်နေဆဲပါပဲ။

 

ဒီလိုလည်ပတ်နိုင်ဖို့အတွက် ဆရာဝန်တွေလည်း လိုသလို ဆေးရုံသုံးစက်ပစ္စည်းတွေကလည်း မရှိမဖြစ်လိုအပ်ပါတယ်။ ဒီအချိန်မှာ ဆေးရုံသုံးစက်ပစ္စည်းတွေ တင်သွင်းရောင်းချတဲ့ ကုမ္ပဏီတွေက အရေးပါလာပါတယ်။

 

ဒါ့အပြင် ဒီစက်ပစ္စည်းတွေကို ကျွမ်းကျင်သူတွေကသာ ပြင်ဆင်ထိန်းသိမ်းနိုင်တော့ စစ်ဆေးရုံတွေမှာ စက်ပစ္စည်း ပြဿနာတစ်ခုခုတက်ရင် ဒီပစ္စည်းတွေကိုရောင်းချထားတဲ့ ကုမ္ပဏီကသာ တာဝန်ယူပေးရတာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံအနှံ့က စစ်ဆေးရုံတွေကို လက်ရှိအချိန်ထိ စက်ပစ္စည်းတင်သွင်းရောင်းချပြီး ဝန်ဆောင်မှု ပေးနေဆဲ ကုမ္ပဏီကတော့ ပုဂ္ဂလိကပိုင် ဥက္ကာသီရိ ကုမ္ပဏီပဲ ဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ ပုဂ္ဂလိက ဆေးရုံတွေကို ဆေးရုံသုံးပစ္စည်းတွေ ရောင်းချသလို စစ်ဆေးရုံတွေအတွက်လည်း တာဝန်ယူ၊ တင်သွင်းရောင်းချပါတယ်။

 

အာဏာသိမ်းပြီး ရက်ပိုင်းက “သြစတေးလျနိုင်ငံကနေ စင်းလုံးငှားလေယာဉ်နဲ့ ဆရာဝန်နှစ်ဦးကို စစ်ကောင်စီက ခေါ်ခဲ့တယ်” လို့ သတင်းတွေထွက်ပေါ်ခဲ့သူတွေဟာ ဒီဥက္ကာသီရီ ကုမ္ပဏီပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီက သူတို့ကို ခေါ်ယူခဲ့တာ မဟုတ်သလို ‘စစ်တပ်လေယဉ်လဲ မဟုတ်ဘူး’ လို့ ဥက္ကာသီရိ ကုမ္ပဏီပိုင်ရှင် ဒေါက်တာ ဒေါ်စန်းစန်းရီရဲ့ အမျိုးသား ဦးဂျွန်ဝင်းက သူ့ ဖေ့စ်ဘွတ်မှာ ဖေဖော်ဝါရီ ၂၈ ရက်က ရှင်းလင်းခဲ့ပါတယ်။

 

ဒါပေမယ့်လည်း ဦးဂျွန်ဝင်းရေးသားချက်တွေထဲ သူ့အမျိုးသမီးဖြစ်သူ ဒေါ်စန်းစန်းရီ ပိုင်ဆိုင်တဲ့ ဥက္ကာသီရိကုမ္ပဏီဟာ စစ်တပ်ရဲ့ စစ်ဆေးရုံတွေကို ပစ္စည်းတွေ တင်သွင်းရောင်းချပြီး ဝန်ဆောင်မှု ပေးနေတယ်ဆိုတဲ့အကြောင်းတော့ မပါခဲ့ပါဘူး။

 

ဥက္ကာသီရိကုမ္ပဏီပိုင်ရှင် ဒေါ်စန်းစန်းရီ

“မြန်မာနိုင်ငံအနှံ့က စစ်ဆေးရုံတွေမှာရှိတဲ့ ပစ္စည်းအများစုက သူတို့ ရောင်းထားတာတွေ ချည်းပဲ။ လက်ရှိအချိန်ထိလည်း ဝန်ဆောင်မှု ပေးနေဆဲပဲ” လို့ ဥက္ကာသီရိ ကုမ္ပဏီက သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

 

ရန်ကုန်မြို့ စစ်တပ်ပိုင် ကန်သာယာဆေးရုံက ပစ္စည်းအားလုံးမှာလည်း ဥက္ကာသီရိက ရောင်းချထားတဲ့ ပစ္စည်းတွေ ဖြစ်ပြီး လက်ရှိအချိန်ထိ ကုမ္ပဏီက ဝန်ဆောင်မှု ပေးနေဆဲလည်းဖြစ်ပါတယ်။

 

သည်ဆေးရုံကအသစ်ဆိုတော့ ပစ္စည်းတော်တော်များများရောင်းခဲ့ရတယ်။ (တခြားဆေးရုံတွေက လိုတာဘဲ ဝယ်တာလေ) ပြီးတော့တင်ဒါစံနစ်နဲ့” ဟု ဆိုပြီး “ကိုယ့်ဆီကပစ္စည်းဝယ်ထားသမို့ အားနာလို့ ဆေးသွားစစ်တာ” ဆိုပြီး ဦးဂျွန်ဝင်းက ရေးခဲ့ပါတယ်။

 

အောင်ပန်း၊ ပြင်ဦးလွင်၊ ကျိုင်းတုံ၊ မိတ္ထီလာ၊ မြစ်ကြီးနား စတဲ့ မြို့တွေမှာရှိတဲ့ စစ်ဆေးရုံတွေက ဆေးရုံသုံး စက်ပစ္စည်းတွေကိုလည်း ဥက္ကာသီရီကုမ္ပဏီက ရောင်းချထားတာပဲဖြစ်ပြီး ယခုချိန်ထိ ဝန်ဆောင်မှု ပေးနေဆဲပါပဲ။

 

“စစ်တပ်မှာ အင်ဂျင်နီယာတွေ ရှိတယ်ဆိုပေမယ့် စက်ပျက်ရင် သူတို့ ဝင်ပြင်လို့ မရပါဘူး။ ပြင်လဲ မပြင်တတ်ကြဘူး။ ဆိုတော့ သက်ဆိုင်ရာ ကုမ္ပဏီတွေရဲ့ တကယ့်နားလည်တတ်ကျွမ်းသူတွေက ပြင်ဆင်ပေးမှ အဆင်ပြေတာပါ” လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

 

အာဏာမသိမ်းမီက ကုမ္ပဏီမှ တတ်ကျွမ်းသူတွေက စစ်ဆေးရုံတွေမှာ ထိန်းသိမ်းပြင်ဆင်တဲ့လုပ်ငန်းတွေ လုပ်ခဲ့ပေမဲ့လည်း အာဏာသိမ်းပြီးနောက်မှာတော့ စစ်ကောင်စီကို ဆန့်ကျင်လိုတဲ့ ဝန်ထမ်းတွေက စစ်ဆေးရုံတွေကို မသွားလိုတော့ဘဲ ကုမ္ပဏီတွင်း ဆန့်ကျင်မှုတွေ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ကုမ္ပဏီက စစ်ဆေးရုံတွေကို ဆက်ပြီး ဝန်ဆောင်မှု ပေးရမယ်လို့ပဲ ဇွန်လအတွင်းက ဆုံးဖြတ်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

 

Okkarthiri က ISO 13485 ရထားတဲ့ကုမ္ပဏီဖြစ်တယ်၊ International Joint လုပ်ထားတဲ့ ကုမ္ပဏီမျိုးဖြစ်တယ်။ ဒါကိုလည်း အားလုံး သိပြီးသားပါ။ ဘယ်လို အခြေအနေမျိုး ဖြစ်နေပါစေ၊ အချိန်တန် Report ပေးရတာပါပဲ၊ Service ပေးရတာပဲ။ အလုပ်က အလုပ်ပဲ၊ စိတ်ခံစားချက်က စိတ်ခံစားချက်ပဲ” လို့ ကုမ္ပဏီ၏ အုပ်ချုပ်သူများက အဲ့ဒီအချိန်က စာပြန်ခဲ့ပါတယ်။

 

ထို့ပြင် စစ်ဆေးရုံများသို့ သွားရောက် ပြင်ဆင်မပေးလိုသည့် ဝန်ထမ်းများအစား ‘အားလုံးကိုယ်စား သွားပေးမယ့်သူတွေကို Back up ပေးပါမယ်၊ အကုန်လုပ်ပေးပါမယ်’ လို့ ဥက္ကာသီရကုမ္ပဏီက ပြောဆိုခဲ့ပါတယ်။

 

ကုမ္ပဏီတွင်းက ဝန်ထမ်းတွေဟာ စစ်ကောင်စီနဲ့ အဏာသိမ်းမှုကို ဆန့်ကျင်လိုကြပေမယ့်လည်း ကုမ္ပဏီပိုင်ရှင်တွေကတော့ စစ်ကောင်စီနဲ့ ဆက်လက်ပြီး အလုပ်လုပ်လိုတဲ့အတွက် ဝန်ထမ်းတွေလည်း အလုပ်ထွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

 

ဥက္ကာသိရီကုမ္ပဏီကို ၁၉၉၈ သြဂုတ်လက ဒါရိုက်တာ အဖွဲ့ဝင် ၅ ဦးနဲ့ တည်ထောင်ခဲ့ပြီး ဒေါက်တာ ဒေါ်စန်းစန်းရီအပါအဝင် ဦးသန်းအောင်၊ ဒေါ်ဝင်းဌေး၊ ဦးဝင်းကျော်၊ ဒေါ်အေးအေးအောင် တို့လည်း ဒါရိုက်တာအနေနဲ့ ပါဝင်ခဲ့ပါတယ်။ ရှယ်ယာရှင် ၁၀ ဦးထဲမှာ ကုမ္ပဏီဥက္ကဌဖြစ်တဲ့ ဒေါ်စန်းစန်းရီက ရှယ်ယာအများဆုံး ပိုင်ဆိုင်ပါတယ်။

 

“တကယ်လို့သာ ဥက္ကာသီရိက စစ်ဆေးရုံကို ဆက်ပြီး ဝန်ဆောင်မှု မပေးတော့ဘူးဆိုရင် စစ်ဆေးရုံတွေ လည်ပတ်ဖို့ အတော်ခက်သွားလိမ့်မယ်။ ဒါဆိုရင် စစ်ကောင်စီရဲ့ ဆေးရုံတွေ ဒုက္ခရောက်သွားလိမ့်မယ်။ ခုက သူတို့က ဆက်ပြီး အလုပ်လုပ်ပေးနေတုန်းပဲ” လို့ သတင်းရင်းမြစ်က ဆိုပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close