ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဘယ်သူဖြစ်မလဲ..?

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်လို့ ပြောလိုက်တာနဲ့ ရုတ်တရက် မျက်လုံးထဲ ပေါ်လာမှာကဦးညီပုရဲ့ မျက်နှာပါပဲ။ ပင်နီဝတ်ထားတဲ့ ခပ်အေးအေးလူတယောက်ကို ပြေးမြင်ကြမှာပါ။ ပြီးတော့ ပြည်ထောင်စုနဲ့ ပါတီဗဟိုက ခိုင်းသမျှလုပ်တဲ့ဝန်ကြီးချုပ်ဆိုပြီး ရခိုင်ပြည်နယ်က ဒေသခံတွေက သတ်မှတ်ထားကြသူရဲ့ ပုံပန်းသွင်ပြင် ပေါ်လာမှာ ဖြစ်ပါတယ်။ 

 

တကယ်ကတော့ နောက်ထပ် ဖြစ်လာမယ့် ရခိုင်ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ကို မြင်ယောင်ကြည့်စေလိုရင်းပါပဲ။ ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့နေရာတွေမှာ ရွေးကောက်ပွဲ ကျင်းပဖြစ်စေ၊ မကျင်းပဖြစ်စေ ဝန်ကြီးချုပ်ကိုတော့ ရွေးချယ်ရမှာပဲဖြစ်ပါတယ်။ နောက်တခုကတော့ ရခိုင်ပြည်မှာ တိုက်ပွဲတွေ ရှိနေသည်ဖြစ်စေ၊ ငြိမ်းချမ်းသွားသည်ဖြစ်စေ ဝန်ကြီးချုပ်ကို ရွေးချယ်ရမှာပဲ။

 

ဘယ်လိုဝန်ကြီးချုပ်မျိုး ရွေးကြမလဲ....? ပြီးခဲ့တဲ့ NLD အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်တွေအရ တိုင်းရင်းသားတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ဝန်ကြီး၊ ဝန်ကြီးချုပ် ခန့်အပ်မှုတွေကို ဆက်လုပ်သွားမယ်လို့ မြင်ရတယ်။ ဆိုတော့ တကယ်လို့သာ NLD က ရခိုင်လူထုနဲ့ ANP ပါတီကိုသာ ဝန်ကြီးချုပ်အတွက် ရွေးချယ်ခွင့်ပေးခဲ့မယ် ဆိုရင်....

 

သေချာတာကတော့ ရခိုင်လူထုဟာ ဗဟိုက ချုပ်ကိုင်တဲ့ (တနည်း) NLD က ကြိုးကိုင်ချယ်လှယ်မယ့် ဝန်ကြီးချုပ်မျိုးကို မလိုလားဘူးဆိုတာပါပဲ။ ဒါဆိုရင် ရခိုင်လူထုက ရွေးချယ်ထားတဲ့ ဝန်ကြီးချုပ်ရှိသလား။ ရခိုင်လူထုက ထောက်ခံတဲ့ ဝန်ကြီးချုပ်ဖြစ်နိုင်မယ့်ပုဂ္ဂိုလ်ရှိပါသလား။ ဒါကို အရင်ဆုံး မေးရပါမယ်။ ကျနော့်အမြင်တော့ ဝန်ကြီးချုပ်ရာထူးအတွက် ရခိုင်လူထုက ဖြစ်စေချင်တယ်ဆိုတဲ့ လူပုဂ္ဂိုလ် မမြင်မိသေးပါ။

 

ဝန်ကြီးချုပ်ရာထူးနဲ့ ရခိုင်ပြည်နယ်ကို မားမားမတ်မတ်ရှေ့တန်းက လုပ်ဆောင်နိုင်မယ့်လူ ဘယ်သူရှိသလဲ၊ အရင်ကြည့်ကြစေလိုပါတယ်။ ဒါပေမယ့် ANP ရွေးချယ်မယ့်ပုဂ္ဂိုလ်ဟာ အေအေရဲ့ ထောက်ခံမှုရှိတဲ့ ပုဂ္ဂိုလ်လည်း ဖြစ်ဖို့ လိုသေးတယ်ဆိုတာပါပဲ။ တဖက်မှာတော့ ANP ရော၊ အေအေရော ထောက်ခံမယ့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟာ ပြည်ထောင်စု၊ NLD အစိုးရ၊ တပ်မတော်နဲ့ ညှိရမယ့်၊ ညှိနှိုင်မယ့် ပုဂ္ဂိုလ် ဖြစ်ရမယ် ဆိုတာပါပဲ။ အေအေရော၊ ANP ရော၊ ဝန်ကြီးချုပ်ရွေးချယ်မှုဟာ တော်တော်ကို စိစစ်ရမယ့်ကိစ္စဖြစ်ပါတယ်။

 

ဒါပေမယ့် အပေါ်မှာ ကျနော် ပြောခဲ့တာတွေက NLD ကသာ တိုင်းရင်းသားတွေလိုလားတဲ့ ဝန်ကြီးချုပ်ရာထူးကို ပေးမယ်ဆိုခဲ့ရင်ဆိုတဲ့ အမြင်ပဲဖြစ်ပါတယ်။ တကယ်လို့သာ NLD က သူကြိုက်တဲ့၊ သူကိုယ်တိုင်ကြိုးကိုင်ချယ်လှယ်လို့ရမယ့် လူကိုပဲ ဝန်ကြီးချုပ် ထပ်ခန့်မယ်ဆိုရင်ရော....မလွယ်လှပါဘူး။

 

NLD အနေနဲ့ စဉ်းစားကြည့်ကြရအောင်ပါ။ ရခိုင်ပြည်နယ်က ပြဿနာတော်တော်များများဟာ ဦးညီပုရဲ့ ထိန်းချုပ်ကွပ်ကဲမှုအောက်မှာ ပြောရရင် တင်းပြည့်ကျပ်ပြည့်မရှိခဲ့တာ အထင်အရှားပါပဲ။ မေယုဈေးလို၊ ရမ်းဗြဲမြေယာကိစ္စလို၊ တောင်ပိုင်းက မြေသိမ်းယာသိမ်း ပြဿနာတွေကို ကိစ္စ အသေးအမွှားတွေလောက်ကိုသာ ကိုင်တွယ်ခဲ့တာ တွေ့ရပြီး တကယ်တမ်း လုံခြုံရေးနဲ့ဆိုင်တဲ့ကိစ္စမျိုး၊ မွတ်ဆလင်တွေနဲ့ဆိုင်တဲ့ကိစ္စမျိုး၊ ဒုက္ခသည်တွေနဲ့ဆိုင်တဲ့ကိစ္စမျိုးတွေမှာ ဦးညီပုရဲ့ လုပ်ပိုင်ခွင့်ဟာ နတ္ထိပါပဲ။ ဆိုလိုတာက ဗဟို၊ တနည်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားနဲ့သာ သွားနေရတာပါပဲ။

 

အိုင်စီဂျေမှာ လိပ်ခဲတည်းလည်းဖြစ်နေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ရခိုင်ပြည်နယ်အရေးဟာ အချိန်တိုင်းမှာ သူ့အတွက် ခေါင်းခဲစရာဖြစ်တဲ့အတွက် ရခိုင်ပြည်နယ်ကို ဦးစီးအုပ်ချုပ်မယ့်လူဟာ တချက်မှားတာနဲ့ နိုင်ငံတကာမှာ ရင်ဆိုင်ရမှာက ဝန်ကြီးချုပ် မဟုတ်ဘဲ သူကိုယ်တိုင်ပဲဖြစ်တယ်ဆိုတာ သဘောပေါက်ထားပြီးသား ဖြစ်ပုံရပါတယ်။ ဒီအတွက် ရခိုင်လူထုထောက်ခံတဲ့ပုဂ္ဂိုလ်ကို သူ့အနေနဲ့ ဝန်ကြီးချုပ် ပေး၊ မပေးဆိုတဲ့ သိပ်မကြာခင်တွေ့ကြုံရနိုင်တဲ့ ဒုက္ခသည်တွေပြန်လာရေး၊ လုံခြုံရေးကိစ္စတွေနဲ့ တွေးကြည့်ရင် တော်တော်ကို ရင်လေးစရာကောင်းမှာပါပဲ။ 

 

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်မှာ ဝန်ကြီးချုပ်တယောက်က လုပ်သမျှ သူ့ခေါင်းကို တက်ဆောင့်မယ့်ကိစ္စမျိုးကို ရွေးချယ်မလားဆိုတာကလည်း စဉ်းစားမှာပါပဲ။ သူကိုယ်တိုင်ကိုင်တွယ်လို့ရမယ့် လူကို ရွေးတာက သူ့အတွက် ပိုပြီး အန္တရယ်ကင်းမယ်လို့ ယူဆနိုင်ပါတယ်။ ဆိုတော့ ပုဒ်မ ၂၆၁ ကို မပြင်ပေမယ့် တိုင်းရင်းသာတွေတောင်းဆိုနေတဲ့ကိစ္စကို အနိုင်ရပါတီအနေနဲ့ လိုက်လျောပေးလို့ရတယ်ဆိုပေမယ့် မြေပြင်အခြေအနေတွေနဲ့ ဗဟိုကို တိုက်ရိုက်ထိပါးနိုင်တဲ့ ကိစ္စရပ်တချို့ဟာ တိုင်းရင်းသား (ပါတီ) တွေ ထောက်ခံတဲ့ လူကို ဝန်ကြီးချုပ် ခန့်၊ မခန့်ဆိုတဲ့ ဆုံချက်မှာ သွားပြီး ထိပ်တိုက်တွေ့နိုင်ပါတယ်။ 

 

ဘယ်လိုပဲဆိုဆို ဝန်ကြီးချုပ်အတွက် ရခိုင်လူထုဟာ စဉ်းစားထားရမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ဒီလူဟာ ANP ကတင်မယ့်လူအပြင် အေအေက ထောက်ခံမယ့်လူဖြစ်ဖို့လိုသလို တဖက်မှာလည်း နိုင်ငံတကာအထိ ကိုင်တွယ်ဖြေရှင်းနေရတဲ့ ရခိုင်ပြည်နယ်အရေးမှာ သံခင်းတမန်ခင်းကိစ္စကို ကျွမ်းကျင်တဲ့သူဖြစ်ရင်တော့ အတိုင်းအထက်အလွန်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အနိုင်ရပါတီ (ဒေါ်အောင်ဆန်းစုကြည်) ရဲ့ စဉ်းစားချက်အပေါ်မှာလည်း အများကြီး မူတည်နိုင်ပါသေးတယ်ဆိုတာပဲ။ 

 

စောင့်ကြည့်ရမယ့် ပွဲကောင်းတပွဲပါပဲ။

You can treat me a cup of coffee.

wave

Press ESC to close