ဘာကြောင့် CDM လိုအပ်သလဲ

ကျနော် မဇ္ဈိမမှာ အလုပ်လုပ်နေတုန်းက နေပြည်တော် တပ်ကုန်းမှာရှိတဲ့ မြန်မာ့အသံ (MRTV) ကို သင်တန်းတခုအတွက် ရောက်ဖူးပါတယ်။ တလ နီးပါးကြာအောင် နေခဲ့ဖူးပါတယ်။ ကျနော် တွေ့ခဲ့တာတွေက...

 

အကြီးပိုင်း၊ ခေါင်းဆောင်ပိုင်းတွေဟာ နည်းပညာဆိုင်ရာနဲ့ ပတ်သက်လာရင် 'zero knowledge' ပါ။ လုံးဝ မသိကြပါဘူး။ အများစုဟာ Gmail Account တောင် မဖွင့်တတ်ကြပါ။ ကျန်တဲ့ကိစ္စတွေကိုတော့ ပြောစရာတောင် မလိုတော့ပါဘူး။

 

ဆိုလိုတာက အကြီးပိုင်းတော်တော်များများဟာ ဟိုးအရင် စစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးခဲ့လို့၊ အကပ်ကောင်းလို့ အာဏာရလာတာသာရှိပြီး အမှန်တကယ်မှာ ရုပ်မြင်သံကြားထုတ်လုပ်ရေးကို ကျွမ်းကျင်ကြသူတွေ မဟုတ်ပါဘူး။ တကယ်ကျွမ်းကျင်ကြသူတွေကို လက်ညွှန်းထိုး စေခိုင်းပြီး လုပ်နေခဲ့ကြသူတွေချည်းပါပဲ။

 

ဒါကြောင့် နည်းပညာသမား ဥပမာ On Air လွှင့်တဲ့အချိန်မှာ တကယ်လိုအပ်တဲ့ Crew တွေ၊ ထုတ်လုပ်ရေးမှုးတွေသာ မရှိရင် ခေါင်းဆောင်ပိုင်းက လူတွေဘာမှ မလုပ်တတ်တော့ပါဘူး။ အားလုံး တပ်ပျက်သွားပါလိမ့်မယ်။

 

MRTV ထဲ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေတွေရှိပါတယ်။ ခုရေးတာကို သူတို့နားလည်နိုင်မယ်လို့ ယုံကြည်ပါတယ်။

 

အစိုးရ ဘဏ်တွေမှာဆိုရင်လည်း ထိုနည်း၎င်းပါပဲ။ စီးပွားရေးတက္ကသိုလ်က ဘွဲ့ရလာသူ၊ အပြင်မှာ စာရင်းကိုင်သင်တန်းတက်လာသူတွေကို ဘယ်ကရောက်လာမှန်း မသိ၊ ဘဏ်လုပ်ငန်းမကျွမ်းကျင်တဲ့ အရင်က စစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးသူ၊ အဘတွေနဲ့ အဆင်ပြေခဲ့သူတွေကပဲ လက်ညှိုးထိုးခိုင်းစေပြီး အလုပ်လုပ်နေကြတာပါပဲ။ Foreign Exchange (FX Dealing) ကိုတောင် မလုပ်တတ်တဲ့ အစိုးရ ဘဏ်မန်နေဂျာတွေ ဒုနဲ့ဒေးပါပဲ။

 

အကုန်လုံးဟာ 'နောက်ဆုံးပိတ် လက်မှတ်လေးထိုးပေးလိုက်' တာတခုနဲ့ပဲ ရာထူးအကြီးကြီးတွေယူပြီး လုပ်နေကြသူတွေချည်းပါပဲ။ ဒါကြောင့် တကယ် ကျွမ်းကျင်သူ တယောက်လောက် CDM မှာပါဝင်လာပြီဆိုတာနဲ့ ယန္တရားတခုလုံးဟာ ဂျွမ်းထိုးမှောက်ခုံ ဖြစ်သွားနိုင်ပါတယ်။

 

ဒါကြောင့် အပေါ်ပိုင်းက 'အဘအကြီးကြီးတွေ' မပါဝင်တာ ပြဿနာ မရှိပါ။ အမှန်တကယ် အလုပ်လုပ်နေတဲ့ ကျွမ်းကျင်သူတွေ CDM မှာ ပါဝင်လာဖို့ လိုအပ်ပါတယ်။

 

You can treat me a cup of coffee.

wave

Press ESC to close