ဘာကြောင့် နေရာပေး ဆက်ဆံနေကြသလဲ

ပြဿနာက...”နေရာပေး ဆက်ဆံတာဗျ။

ဒီလို....

သမ္မတရုံးသတင်းစာ ရှင်းလင်းပွဲမှာ ပြောတဲ့ သတင်းသမားတွေငွေယူပြီး လုပ်နေတယ်ဆိုတဲ့ကိစ္စ။ ဒဲ့ပြောရရင် အင်န်အယ်ဒီ မဟုတ်တဲ့ တခြားပါတီတွေကနေ တချို့သတင်းသမားတွေကို ဝယ်၊ တချို့သတင်းသမားတွေကို ငွေတွေ အပုံလိုက် ထပ်ပေး၊ တချို့ကို သိန်းထောင်ချီပေး ဝါဒဖြန့်ချိရေး လုပ်ခိုင်းတဲ့ကိစ္စ။ ဒီနေရာမှာ တခုက ဒီလို လုပ်နေတာဟာ အာဏာရပါတီ မဟုတ်တဲ့ တခြားပါတီတွေကို ဆိုတာပါ။

 

ဒီလိုလုပ်ကြတဲ့ကိစ္စမှာ တချို့ သတင်းသမားတွေလည်း အချီကြီးရတဲ့ကောင်ရ၊ မရတဲ့ကောင်မရ၊ အပြန်အလှန် ခွက်စောင်းခုတ်ကြ။ တချို့ကျတော့လည်း နာမည်သာကြီးတာ တပြားမှ မရဘဲ နာမည်ပျက်ကြနဲ့။ ဒီကိစ္စမဆက်ခင် အတိတ်ကကိစ္စလေးတွေ နည်းနည်း ဖောက်သည်ချချင်တယ်။

 

၂၀၁၅ အာဏာရပြီးချိန် နေပြည်တော် စည်ပင်ဝန်းထဲက အင်န်အယ်ဒီ ဂေါ့ဖားသားကြီး ဦးဝင်းထိန် အခန်းရှေ့ နွားနို့ထုပ်လေးကိုင်ပြီး စောင့်နေတဲ့သတင်းထောက်မျိုးကိုလည်း ကျနော် မျက်စိနဲ့ ဒဲ့ တွေ့ဖူးတယ်။ ဦးဝင်းထိန်ကို ဘယ်သူက မနက်ပိုင်း ထမင်းပို့၊ ဘယ်သူက ညပိုင်းထမင်းပို့ဆိုပြီး အလှည့်ကျ ထမင်းပို့ခဲ့တဲ့ သတင်းထောက်တွေ ဒီနေ့ချိန်ထိ လုပ်ငန်းခွင်ထဲ ရှိနေဆဲပဲ။

 

အိမ်မှာသီးတဲ့ ဗူးသီး ပို့ရတဲ့လူနဲ့၊ တွေ့တာနဲ့ နှိပ်နယ်ပေးရတဲ့ သတင်းထောက်နဲ့... စသဖြင့်။ ဒါက အသိုင်းအဝိုင်းတစ်ခု။

နောက်တစ်ခုက နယ်က သတင်းထောက်တချို့ကိစ္စ။ မြေသိမ်းခံရတဲ့ကိစ္စ သတင်းစာရှင်းလင်းပွဲ လုပ်ပေးမယ်ဆိုပြီး သတင်းထောက်က ဒိုင်ခံခေါ်လာ၊ သတင်းပါအောင် လုပ်ပေးမယ်ပြောပြီး လယ်ပိုင်ရှင်တယောက်ဆီ ၂ သိန်းတောင်းတဲ့သတင်းထောက်၊ ဟို ပရိုမိုးရှင်းပွဲ ဒီပရိုမိုးရှင်းပွဲ သတင်းပါအောင်လုပ်ပေးမယ်ပြော ၁ သိန်းတောင်းတဲ့သတင်းထောက်... အို...စုံလို့ပဲ။

 

နောက်တစ်ခုက တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ဖက်လဲတကင်းနေ၊ လက်နက်ကိုင်အဖွဲ့တွေ ပြောသမျှအမှန်၊ စစ်တပ်သည်အမှားဆိုတဲ့ သတင်းထောက်တချို့။ တဖက်မှာကျ တပ်မတော်သည်သာ ကယ်တင်ရာ၊ အဘတို့ဘုန်း မိုးသို့ချုန်းပြီး လက်နက်ကိုင်မှန်သမျှ အမြစ်ပြတ်ချေမှုန်းပစ်ရမယ်ဆိုတဲ့ သတင်းထောက်တချို့။ ဒီလိုသတင်းထောက်တွေ ကျုပ်တို့ လောကထဲ ဒုနဲ့ဒေးပါပဲ။

 

ဟိုးအပေါ်က ကိစ္စပြန်ဆက်ရရင် ပါတီတချို့က ငွေပေးဝယ်ယူနေတဲ့သတင်းထောက်တချို့ဟာ ဒီနေ့ချိန်ထိ ဒီလောကထဲ မျက်ခွက်ပြောင်ပြောင်နဲ့ ရှိနေဆဲ၊ လုပ်နေဆဲပဲ။ ဟိုက ငွေတောင်း ဒီကငွေတောင်းတယ်ဆိုတဲ့ သတင်းထောက်တွေလည်း ရှိနေဆဲ။ ဟော ထမင်းပို့၊ နွားနို့ပို့၊ နှိပ်နယ်ပေးပြီး သတင်းယူသူတွေလည်း မျက်စိရှေ့ မြင်နေရတာပဲ။

 

(ဒီနေရာမှာ စားဝတ်နေရေးအရ ကိုယ့် ပရော်ဖက်ရှင်နယ်ကို ရောင်းစားလိုက်ရသူတွေ၊ ဘဝကို ငွေနဲ့ ရင်းပစ်လိုက်ရတဲ့ သတင်းထောက် တချို့ ရှိခဲ့ဖူးပါတယ်၊ ဒါတွေကတော့ ချွင်းချက် အနေနဲ့ ထည့်စဉ်းစားကြရတာပေါ့ - စကားချပ်)

 

အပေါ်ကလို လူတွေကတော့ သတင်းစာ ကျင့်ဝတ်အရ လုံးဝ မသင့်တော်ပါဘူး၊ ဒါဟာ ကျင့်ဝတ်မညီတဲ့လုပ်ရပ်ကို လုပ်တဲ့ သတင်းထောက်တွေ ဆိုတာကိုလည်း ဒီလောကထဲ ရှိနေကြသူ သတင်းထောက်တွေက သိနေကြတာပဲ။

 

ခုမှ စတာပါ။ ဒီလိုကျင့်ဝတ်မညီတဲ့၊ ကိုယ့် ပရော်ဖက်ရှင်နယ်ကို တန်ကြေးဖြတ်တဲ့ သတင်းထောက်တွေကို တခြားသတင်းထောက်တွေက နေရာပေးပြီး ဘာလို့ ဆက်ဆံနေကြသေးသလဲ ဆိုတာပါပဲ။ ဘာလို့လဲ....?

 

ဘယ်သတင်းထောက်က ဘာလဲဆိုတာ အားလုံး သိနေပြီးသားပဲ။ ဒီလူကို ဘာလို့ ဒီလောကထဲ လူလူသူသူ ဆက်ဆံနေကြသေးတာလဲဆိုတာ ကျနော် စဉ်းစားမရဘူး။ အစွန်းထွက်တွေ လိုချင်နေကြတာလား။ အကျန်တွေ မျှော်လင့်နေကြတာလားပေါ့။

သတင်းစာလောက အညစ်အကြေးဖြစ်စေမယ့်/ဖြစ်နေစေတဲ့ သတင်းထောက်တွေကို မသိကျိုးကျွံပြုပြီး နေရာပေးဆက်ဆံ၊ လူရာသွင်းခေါ်ပြောနေတာက...

 

လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မုဒိန်းမှုတွေ၊ လုပ်ခလစာ အပြည့်မရတဲ့ အလုပ်သမားကိစ္စတွေ၊ မတရားမှုတွေ၊ လုပ်ငန်းခွင်ကျင့်ဝတ်၊ ဝန်ထမ်းကျင့်ဝတ်ဖောက်ဖျက်မှုတွေကို စာဖတ်သူတွေသိပါစေဆိုတဲ့စိတ်နဲ့ ရေးနေတဲ့ ခင်ဗျားတို့ကျုပ်တို့ ကလောင်သမားတွေအတွက် ဘယ်လောက် အောက်တန်းကျသွားသလဲဆိုတာ စဉ်းစားကြည့်ဖို့ကောင်းတယ်

 

ကိုယ့် ပတ်ဝန်းကျင်က သတင်းစာကျင့်ဝတ်မရှိသူတွေကို ကျုပ်တို့ကိုယ်တိုင် ဝိုင်းပယ်တွန်းထုတ်ကြရမှာပဲ မဟုတ်လား။ ဒီလူတွေကို နေရာပေးဆက်ဆံနေတာက ဒီနေ့ပြောနေကြတဲ့မင်းတို့သတင်းထောက်တွေကို ငွေပေးလို့ရတယ်၊ ပိုက်ဆံနဲ့ခိုင်းလို့ရတယ်၊ မီဒီညာတွေလို့ သမုတ်ခံနေရတာကြီးကို ဆက်ပြီး သက်သေပြ၊ အဓွန့်ရှည်နေစေမှာပဲ မဟုတ်လားဗျာ။

You can treat me a cup of coffee.

wave

Press ESC to close