ဂျပန်သွားမယ့် လူအုပ်ကြီး ဘာလို့ ဝရုန်းသုန်းကား ဖြစ်ရတာလဲ

 
ဂျပန်နိုင်ငံကိုသွားဖို့ အကြမ်းဖျဉ်းအားဖြင့် ကျွမ်းကျင်လုပ်သားဗီဇာနဲ့ ထရိန်နင်ဗီဇာ ၂ မျိုး ရှိတာမှာ မြန်မာနိုင်ငံက လူအများစုကို ခေါ်တာကတော့ ထရိန်နင်ဗီဇာနဲ့ အများဆုံးခေါ်ပါတယ်။ ဒါပေမယ့် ဝန်ကြီးချုပ် ရှင်ဇိုအာဘေး သေဆုံးပြီးတဲ့နောက် ထရိနင်ဗီဇာနဲ့ မခေါ်တော့ဘဲ ကျွမ်းကျင်ဗီဇာနဲ့ပဲ ခေါ်တော့မယ်လို့ ကောလာဟလတွေ ထွက်နေပါတယ်။ ဘာလို့လဲဆိုရင် ဒီထရိန်နင်ဗီဇာနဲ့ခေါ်တာက ရှင်ဇိုအာဘေး လုပ်ခဲ့တာကြောင့်ပါ။
 
ဒါကြောင့်ပဲ ကျွမ်းကျင်လုပ်သားဗီဇာ (Tokutei Ginou) ကို အသည်းအသန် ရဖို့ လုပ်နေကြတာ ဖြစ်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ဒီဗီဇာကို ရဖို့အတွက် ကျွမ်းကျင်လုပ်သား လက်မှတ်လိုပါသေးတယ်။
 
ဒီလို ကျွမ်းကျင်လုပ်သားလက်မှတ်ရဖို့အတွက် အရင်ဆုံး ဂျပန်ဘာသာစကား အရည်အချင်းစစ် စာမေးပွဲကို အောင်မြင်ဖို့ လိုပါတယ်။ ဒါက ခုလက်ရှိ ဝရုန်းသုန်းကားဖြစ်သွားတဲ့ လူအုပ်ကြီး ဝင်ရောက်တန်းစီနေတဲ့ ဝင်ခွင့်လက်မှတ် ပါပဲ။
 
ဂျပန်ဘာသာစကား အရည်အချင်းစစ် စာမေးပွဲမှာ အဆင့် ၅ ဆင့်ရှိပြီး အမြင့်ဆုံး N1 နဲ့ အနိမ့်ဆုံး N5 ဆိုပြီး ရှိပါတယ်။ N1,2,3 က အဆင့်မြင့်တွေဖြစ်ပြီး N4 နဲ့ N5 က မူလတန်းအဆင့် ဖြစ်ပါတယ်။ N5 ကတော့လုံးဝ အခြေခံအဆင့်ပဲဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ ထရိန်နင်ဗီဇာအတွက် N5 ရရင် ဖြစ်ပါတယ်။
 
ဒါပေမယ့် အလုပ်ရှင်နဲ့အလုပ်အပေါ်မူတည်ပြီး တချို့အလုပ်ရှင်နဲ့ အလုပ်က N5 ရရင် ဖြစ်ပေမယ့် တချို့ကတော့ N4 ကို တောင်းကြပါတယ်။ ဒါပေမယ့် ကျွမ်းကျင်လုပ်သားဗီဇာအတွက်တော့ N4 အနည်းဆုံးလိုအပ်ပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံက ဂျပန်ကို သွားချင်သူတွေဟာ N4 အတွက် အသည်းအသန် ဖြစ်နေကြရတာ ဖြစ်ပါတယ်။
 
⦿ JLPT ရဲ့ အရေးပါပုံ
ဂျပန်ဘာသာစကား အရည်အချင်းစစ် စာမေးပွဲတွေမှာ JLPT, JFT, JTest, NAT Test ဆိုပြီး ရှိကြတဲ့အထဲ မြန်မာနိုင်ငံမှာ JLPT နဲ့ NAT Test တို့ပဲ ရှိပါတယ်။ NAT Test ကတော့ထရိန်နင်ဗီဇာသမားတွေ အဓိကထားကြပြီး အဆင့်မြင့် သမားတွေကတော့ JLPT အောင်မြင်ကြောင်း လက်မှတ်လိုအပ်ပါတယ်။ NAT Test က နှစ်လတစ်ကြိမ် ကျင်းပပေမယ့် JLPT ကတော့ တနှစ်လုံးမှာ ဇူလိုင်နဲ့ ဒီဇင်ဘာ နှစ်လပဲ ကျင်းပတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဒီ JLPT စာမေးပွဲကို အဓိကချုပ်ကိုင်ထားတာက Myanmar Association of Japan Alumni (MAJA) မာဂျာ - ဖြစ်ပါတယ်။
 
တကယ်တော့ ကျွမ်းကျင်လုပ်သား ဗီဇာအတွက် အရေးကြီးတဲ့ JLPT - N4 အောင်လက်မှတ်ရဖို့ ဖြေဆိုခွင့်လျှောက်လွှာဟာ အွန်လိုင်းကနေ အလွယ်တကူ Download လုပ်ဖို့ ချပေးနိုင်သလို၊ အခမဲ့ပေးတာမျိုး ဖြေဆိုသူများတာရော၊ ဝင်ရခက်တာရောကြောင့် အပြင်မှာ လူကိုယ်တိုင်ဝယ်ယူဖို့ MAJA က လုပ်ထားတာပါ။ အခမဲ့မဟုတ်တော့ဘဲ အပြင်မှာ ဝယ်ယူရင် ၃၀၀၀ ပေးရပါတယ်။ ဒါပေမယ့် လက်ရှိ အပြင် မှောင်ခိုဈေး ၁၀၀၀၀ ထိ ပေါက်သွားပါတယ်။ ဘာကြောင့်လဲ...?
 
အစောပိုင်း ကြေညာချက်တွေထဲမှာ MAJA က N4 လျှောက်လွှာတွေကို ဂျပန်စကားပြောနဲ့ အလုပ်သင်တန်းကျောင်း အေဂျင်စီတွေနဲ့ အပြင်မှာ ဝယ်ယူမယ့်သူတွေကို သြဂုတ် ၅ မှာ ရောင်းမယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ ရောင်းမယ့် ပမာဏက သြဂုတ် ၅ မှာ ၃၀၀၀၊ ၆ ရက်နေ့မှာ ၃၀၀၀ နဲ့ ၇ ရက်နေ့မှာ ၂၀၀၀ စုစုပေါင်း ၈၀၀၀ ဖြစ်ပါတယ်။ ဒါပေမယ့် N4 လျှောက်လွှာဟာ တရားဝင်ရောင်းမှာက တစ်သောင်းကိုးထောင်ကျော် (၁၉,၄၉၈) ဖြစ်ပါတယ်။ ကျန်တဲ့ ၈၀၀၀ ကျော် ဘယ်ရောက်သွားလဲ...?
 
⦿ အေဂျင်စီတွေနဲ့ MAJA
သတိပြုရမှာက အေဂျင်စီလိုင်စင်တစ်ခုကို ၁၀၀ ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီအေဂျင်စီတွေကိုရော အပြင်မှာ ဝယ်မယ့်လူတွေကိုပါ ၅ ရက်နေ့မှာ ရောင်းမယ်လို့ တရားဝင်ကြေညာခဲ့ပေမယ့် သြဂုတ် ၂ မှာတော့ MAJA ဆီက လူမသိ သူမသိ ကြေညာချက်တစ်ခု ရုတ်တရက် ထွက်လာပါတယ်။ ဒါကတော့ သြဂုတ် ၃ မှာ အေဂျင်စီတွေကို ရောင်းမယ်ဆိုတာပါပဲ။ တရားဝင်ရောင်းမယ့်နေ့ထက် နှစ်ရက်စောပြီး အေဂျင်စီတွေကို ရောင်းချမှာ ဖြစ်ပါတယ်။ ညတွင်းချင်း ကြေညာတာ ဖြစ်လို့ အေဂျင်စီအများစု မသိလိုက်ကြပါ။
 
နဂိုက ၅ ရက်နေ့မှာ ရောင်းမယ်လို့ ဆိုပေမယ့် ၃ ရက်နေ့မှာ ဝင်ခွင့်လျှောက်လွှာတွေကို အေဂျင်စီတွေကို ရောင်းလိုက်ပါတယ်။ လျှောက်လွှာ ဘယ်နှစ်စောင် ရောင်းလိုက်သလဲဆိုတာ တရားဝင် မကြေညာပါ။ ဒါပေမယ့် လယ်ဗယ်စုံ (N1,2,3,4,5) အတွက် လျှောက်လွှာအစောင်ရေ ၁၈၈၉၈ စောင် ရောင်းလိုက်တယ်လို့ ဆိုပါတယ်။ လယ်ဗယ်တစ်ခုချင်းစီကို ဘယ်နှစ်စောင် ရောင်းလိုက်သလဲဆိုတာတော့ မသိရပါ။
 
ဒါကြောင့် N4 အတွက် စောင်ရေ ၁၉၀၀၀ ကျော်ထဲက ဘယ်လောက်ရောင်းလိုက်တယ်ဆိုတာ မသိကြရတော့တာပါ။ N4 အတွက် သြဂုတ် ၅၊ ၆၊ ၇ မှာ တရားဝင်ရောင်းမယ့် ၈၀၀၀ အပြင် ဘယ်လောက်ရောင်းပြီး ဘယ်လောက်ကျန်သေးလဲဆိုတာ MAJA က ထိန်ချန်ထားတာ ဖြစ်ပါတယ်။
 
တရားဝင်ကြေညာချက်အရ N4 ကို စရောင်းတဲ့ ဒီနေ့ သြဂုတ် ၅ မှာ ၃၀၀၀ ပဲရောင်းမှာဖြစ်ပေမယ့် လူပေါင်း ၆၀၀၀ ကျော်၊ (တချို့ကတော့ တစ်သောင်းနီးပါးလောက်ရှိနိုင်တယ်လို့ဆို) လောက် လာရောက်တန်းစီခဲ့ကြတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၃၀၀၀ ပဲ ရမှာဖြစ်ပါတယ်။
 
ဘာလို့ ဒီလိုဖြစ်လာရသလဲဆိုရင် တရားဝင် ရောင်းရမယ့် ၁၉၀၀၀ ကျော်ထဲမှာ ၈၀၀၀ ပဲ သေချာနေပြီး ကျန်တဲ့ ၈၀၀၀ ကို MAJA က ဘယ်လိုလုပ်မလဲဆိုတာ မသိရလို့ပါပဲ။ ကျန်တဲ့ ဒီ ၈၀၀၀ ထဲကနေ အေဂျင်စီတွေကို ဘယ်လောက်ထိ ရောင်းထားပြီးပြီလဲဆိုတာကိုလည်း MAJA က တရားဝင် မထုတ်ပြန်ပါဘူး။
 
သြဂုတ် ၅၊ ၆၊ ၇ မှာ ၈၀၀၀ ကို ခွဲရောင်းမှာ ဖြစ်ပြီး ကျန်ရှိနေတဲ့ ဝင်ခွင့်လျှောက်လွှာတွေကိုတော့ ၈၊ ၉၊ ၁၀ ရက်တွေမှာ ထပ်မံရောင်းချမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တရားဝင် မထုတ်ပြန်ထားတဲ့အတွက် ဝင်ခွင့်လက်မှတ် ဘယ်လောက်ကျန်နေသလဲဆိုတာ မသိရပါဘူး။ ဒါကြောင့်ပဲ ထောင်သောင်းချီတဲ့ လူငယ်အုပ်စုကြီးဟာ ဒီနေ့မနက်က တန်းစီစောင့်ဆိုင်းခဲ့ကြရတာ ဖြစ်ပါတယ်။
 

You can treat me a cup of coffee.

wave

Press ESC to close