အကျဉ်းဦးစီးဝန်ထမ်းများ၏ (မှီခို) ဇနီးသည် အားလုံး စစ်သင်တန်းတက်ရမည်

စစ်ကေင်စီ လက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းများ၏ မှီခို ဇနီးသည်များအားလုံး စစ်သင်တန်း မဖြစ်မနေတက်ရောက်ရမည်ဟု စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း စာထုတ်ပြန်လိုက်သည်။

စစ်သင်တန်း တက်ရောက်နိုင်ရန် ကြိုတင်ပြင်ဆင်ထားရန်ဟု စာတွင်ပါရှိပြီး အကျဉ်းဦးစီးဌာနရှိ ထောင်များ၊ စခန်းများနှင့် ရုံးချုပ်မှ ဝန်ထမ်းများ၏ မှီခိုဇနီးသည်များအားလုံး တက်ရောက်ရမည်ဖြစ်သည်။

“အခုဆိုရင် တချို့ထောင်စခန်းတွေက တက်ရမယ့်ဝတ်စုံတွေ တိုင်းပြီးချုပ်နေရပြီ” ဟု အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

လာမည်နှစ့် ဇန်နဝါရီတွင် စတင်တက်ရောက်ရမည်ဟု ခန့်မှန်းထားပြီး အထွေအထွေအုပ်ချုပ်ရေး ဦးစီးဌာန အောက်ရှိ ဝန်ထမ်းဇနီးအားလုံး စစ်သင်တန်းတက်ရောက်ရန် စစ်ကောင်စီက အမိန့်ထုတ်ထားကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“တချို့တွေ မတက်ချင်လို့ လင်မယားကွာရှင်းကြတယ်လို့တောင် ပြောတယ်” ဟု အကျဉ်းဦးစီး ဝန်ထမ်း သတင်းရင်းမြစ်က ဆိုသည်။

ယခု စစ်သင်တန်းကို အသက် ၆၀ အောက် မည်သူမဆို တက်ရောက်ရမည်ဖြစ်ကာ ကိုယ်ဝန် ၇ လကျော်များမှ လွဲ၍ ကျန်ကိုယ်ဝန်ဆောင်သည်များလည်း တက်ရောက်ရမည်ဟု ဆိုသည်။ သို့သော် ယင်းအချက်ကို သီးခြား အတည်မပြုနိုင်ပေ။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲဝန်ထမ်းများ၏ ဇနီးသည်များ၏ စစ်သင်တန်းမှာမူ ပြီးခဲ့သည့် နှစ်ပတ်ကတည်းက ပြီးဆုံးခဲ့ပြီဟုဆိုပြီး နေပြည်တော် MICC-1 တွင် တက်ရောက်ခဲ့ကြသည်ဟု သတင်းရင်းမြစ်များက အတည်ပြုထားသည်။

အချို့ မြို့နယ်များတွင် ရဲဝန်ထမ်းများ၏ ဇနီးသည်များကို စစ်သင်တန်းပေးရာ ဌာနတွင်း အပြန်အလှန်ကန့်ကွက်မှုများ၊ အကျင့်ပျက်ခြစားမှုများနှင့် ငွေပေး၍ လူစားထိုးမှုများ ရှိလာသောကြောင့် သင်တန်းပျက်ခဲ့သည်များလည်း ရှိခဲ့သည်။

You can treat me a cup of coffee.

wave

Press ESC to close