ရဲဖော်ရဲဖက် - အခန်း (၂)

အခန်း (၁) မှ အဆက်...
 
ညှို့ယူဖမ်းစားနိုင်တဲ့ အလားအလာတွေ ရှေ့မှာ ရှိနေတာကြောင့် ကျွန်တော် အလုပ်ကို အာရုံစိုက်လို့ မရတော့ပါဘူး။ ကျန်တဲ့ အချိန်တွေကို ကျွန်တော် စိတ်လျှော့ချလိုက်ပြီး အင်ပီရီရယ်ရောက်မယ့်အချိန်ကိုပဲ မျှော်နေတော့တယ်။ ဘိုးလင်းကစားတာကို ကျွန်တော် အဲဒီလောက် စိတ်မဝင်စားပေမယ့် အဲဒီနေရာကို ကျွန်တော် တော်တော် သဘောကျပါတယ်။ စိတ်လှုပ်ရှားရင်ခုန်ဖွယ်ကောင်းတဲ့ မီးအလင်းရောင်တွေ၊ အနာဂတ်ဆန်တဲ့ အတွင်းဒီဇိုင်းပြင်ဆင်မှုတွေရှိတယ်။ နေရာက ကျယ်ပြီး၊ ဘယ်တော့မှ လူရှုပ်မနေတတ်ဘူး။ အကောင်းဆုံးကတော့ လမ်းပေါ်က အရှုပ်ထုပ်တွေနဲ့ ပြသနာကောင်တွေမရှိတာကြောင့် စိတ်အေးလက်အေး နေလို့ရတာပါပဲ။
 
ဝေဂူအိုနဲ့ ကျန်းကျီ တို့နှစ်ယောက် ကျွန်တော့်ကို အဲဒီမှာ လာတွေ့ကြမယ်။ ပိန်ပိန်ရှည်ရှည်နဲ့ မျက်မှန်တပ်ထားပြီး သဘောကောင်းပြီး ယောကျ်ားဆန်သတဲ့ ဆံပင်နက်နက်တွေကို နားရွက်နောက်မှာ အမြဲထားထားတတ်တဲ့ ကျန်းကျီဟာ ၁၉၇၈ ခုနှစ်၊ ပြုပြင်ပြောင်းလဲရေး အပြီး ကိုးနှစ်အကြာမှာ ပေါ်ပေါက်လာတဲ့ အခွင့်ထူးခံ လူတန်းစား ပုံစံမျိုးပါပဲ။ သူမဟာ ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်ပြီး သူမဆီမှာ ကျွန်တော် အလုပ်တွေ လုပ်နေကျ အာဏာရှိတဲ့ အဆက်အသွယ်တွေရှိပါတယ်။ သူမနဲ့ ဝေဂူအို လမ်းလျှောက်ဝင်လာပါတယ်။
 
“စားပြီးပြီလား” လို့ ကျွန်တော်တို့အချင်းချင်း မေးကြတယ်။ “ကောင်းတယ်၊ကောင်းတယ်”
ကျန်းကျီက ကျွန်တော် တံခါးဘက်ကို ကြည့်နေတာကို သတိထားမိသွားတယ်။
“နင် ဘယ်သူ့ကို စောင့်နေတာလဲ” လို့ သူမကမေးတယ်။
“လျူကျန်းကို” လို့ ကျွန်တော် ပြန်ဖြေလိုက်တယ်။ “သူက တခြားမြို့က ငါ့သူငယ်ချင်းတစ်ယောက်ရဲ့ သားကို ခေါ်လာမှာ။ကောင်လေးက အခုမှ ပေကျင်းမှာ တက္ကသိုလ်လာတက်တာ။ ငါ့သူငယ်ချင်းက သူ့သားကို စောင့်ရှောက်ပေးစေချင်တယ်ဆိုလို့”
“နင့်မလည်း အလုပ်တွေ တော်တော်များလိုက်တာ” လို့ ကျန်းကျီက ရယ်ပြီးပြောပါတယ်။
 
လျူကျန်းဟာ ခြောက်နာရီ၊ခုနစ်နာရီလောက်မှာ ရောက်ချလာတယ်။ သူ့နောက်မှာတော့ အရပ်ပုပုနဲ့ ထူးုထူးခြားခြား ရုပ်မချောတဲ့ကောင်လေးတစ်ယောက်ဟာ လမ်းလျှောက်နေစဉ်မှာ စိတ်နဲ့ကိုယ်နဲ့မကပ်ပဲ ဟိုဟို၊ဒီဒီ လျှောက်ကြည့်ရင်း ပါလာခဲ့တယ်။ အဲဒါ လျူကျန်းပြောတဲ့ တစ်ယောက်မဖြစ်နိုင်ဘူးလို့ ကျွန်တော်တွေးမိတယ်။ လျူကျန်းက ကောင်လေးကို တွေ့ခဲ့တဲ့ နေရာကို ဝေေ၀ဝါးဝါး ပြောပြထားတော့ ချောမောလှပပြီး၊ မြို့ပြဆန်တဲ့ ပုံစံမျိုးကို ကျွန်တော် မမျှော်လင့်ထားခဲ့ပါဘူ။ ဒါပေမယ့် ဒီကောင်လေးကတော့…။နယ်ဘက်တွေမှာ မျှော်လင့်ချက်ထားနိုင်မယ့် မြင်တွေ့နေကျ ကွန်မြူနစ်လူငယ်တစ်ယောက်ပုံစံမျိုးပါပဲ။ ကျွန်တော် စိတ်ပျက်လက်ပျက် ဖြစ်သွားတယ်။ သေလိုက်၊စောက်သုံးမကျတဲ့ လျူကျန်း။
 
“ဒါရိုက်တာချန်၊ ကျန်းကျီ၊ ဝေဂူအို” လို့ လျူကျန်က ပြုံးရင်း ခေါင်းညိတ်လို့ နှုတ်ဆက်ပါတယ်။ သူဟာ ကျွန်တော့်ကို နှစ်ယောက်ထဲရှိနေချိန်မှာ “ဒါရိုက်တာချန်” လို့ မခေါ်တတ်ပေမယ့် တခြားလူတွေရှေ့မှာဆိုရင်တော့ ခေါ်တတ်ပါတယ်။
ကောင်လေးဟာ ဘေးမှာ မတ်တပ်ရပ်နေပြီး လျူကျန်းကို မပြတ်တမ်းကြည့်လို့နေပါတယ်။ သူဟာ အမိန့်ကို စောင့်နေသလိုပါပဲ။
“အင်း” လို့ လျူကျန်က ကောင်လေး ဘာ့ကြောင့် ဒီမှာရှိနေရသလဲဆိုတာကို သတိရသွားသလိုနဲ့ပြောပါတယ်။ “လန်ယု၊ ဒါက ဒါရိုက်တာ ချန်။ ဒါရိုက်တာချန် ဒါက လန်ယု။ မျိုးရိုးနာမည်က လန်တဲ့။ ရှားရှားပါးပါးပဲ”
 
မိတ်ဆက်ပေးနေချိန်မှာ ကျွန်တော့် ဘယ်ဘက်မျက်လုံးက တမင်တကာ ပင့်လို့သွားပါတယ်။ ကျွန်တော်ဟာ လျူကျန်းကို လမ်းဘေးခွေးလေးတစ်ကောင် ခေါ်လာတဲ့အတွက် စိတ်ပျက်နေပေမယ့် ယဉ်ကျေးသဘောကောင်းပြလိုက်ပါတယ်။
“ဟိုင်း” လို့ ပြုံးပြလိုက်ပြီး လက်ရှေ့တိုးလိုက်ပါတယ်။
“ဟယ်လို” လို့ လန်ယု ရှိုးတိုးရှန်းတန်းနဲ့ လက်ကိုဆွဲကိုင်ပါတယ်။ သူဟာ စိတ်လှုပ်ရှားနေတာ အတိုင်းသားပေါ်လွင်လို့နေပါတယ်။ ကုမ္ပဏီ ဒါရိုက်တာ တစ်ယောက်က သူ့ကို လက်ဆွဲနှုတ်ဆက်တဲ့အတွက်လည်း အံ့သြနေပုံပါပဲ။
 
နောက်ထပ် ဆက်ဖြစ်တာတွေကတော့ ကျွန်တော် ကြုံတွေ့ခဲ့ဖူးတဲ့ ထူးခြားဆန်းကြယ်မှုတွေထဲက အထင်ရှားဆုံးတစ်ခုလို့ ပြောရမှာပါပဲ။ ကျွန်တော့် စိတ်ထဲမှာ အကြိမ်ပေါင်း ထောင်ချီပြီး ပြန်တွေးကြည့်၊ မြင်ယောင်ကြည့်တိုင်း အဲဒီအတွေ့အကြုံရဲ့ ရုတ်ချည်းဖြစ်မှုဟာ ရုပ်လုံးမပေါ် ဖြစ်ရတာချည်းပဲ။ ပျံကျဈေးမှာ လမ်းပျောက်နေတဲ့ ကလေးတစ်ယောက်နဲ့တူတဲ့ လန်ယု အင်ပီရီရယ်ဝင်လာတာကို ကျွန်တော် စမြင်ကာစ အချိန်မှာ လုံးလုံးစိတ်ဝင်စားမှုမရှိခဲ့တာတော့ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့နှစ်ယောက် လက်ချင်းထိပြီးချိန်၊ မျက်လုံးချင်းဆုံပြီးချိန်မှာ အရာအားလုံး ပြောင်းလဲသွားခဲ့ပါတယ်။
 
မျက်လုံးတွေက မသက်မသာဖြစ်နေ၊ ဝမ်းနည်းနေ၊ သူ့ပတ်ဝန်းကျင်ကအရာရာကို သံသယတွေ ဝင်နေသလိုမျိုးပါပဲ။ အလွန်ကွာဝေးပြီး ခြောက်လှန့်ခံနေရသလို ဖြစ်နေတာတွေ သူ့မျက်လုံးထဲ ပြေးလွှားလို့နေပါတယ်။ အဲဒါတွေက တစ်ခုမှ အတုမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ ပုဂ္ဂလိကဘဝမှာရော၊ စီးပွားရေးသမားဘဝမှာပါ မြင်နေကျ စိတ်ပုံမှန်မဟုတ်တဲ့ မျက်လုံးမျိုးပါ။ သူ့အသားအရည်က မည်းနေပေမယ့် သန့်ရှင်းတယ်။ သူ့ခန္ဓာကိုယ်က လှပပြီး နုညံ့တယ်။ နှုတ်ခမ်းတွေကို စိတ်ခံစားမှုကင်းမဲ့စွာ တင်းတင်းစေ့လို့ထားတယ်။ ကျွန်တော့် နှလုံးသားဟာ တုန်ခါလို့နေတယ်။ ကျွန်တော် အဲဒီလိုမျိုး ခံစားရတာ နောက်ဆုံး ဘယ်တုန်းကလဲဆိုတာ ကျွန်တော် မမှတ်မိတော့ဘူး။
 
ကျွန်တော် မျက်လုံးတွေကို အလျင်အမြန် ရွှေ့လိုက်ပြီး လန်ယု မင်းဟာ သာမန် ပုံမှန် ကျောင်းသာမျိုးတော့ မဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်မိတယ်။ လန်ယုရဲ့ ပုခုံးကို ကျော်ကြည့်လိုက်တော့ ကျန်းကျီနဲ့ တခြားသူတွေ ဘိုးလင်း ကစားနေတာ တွေ့လိုက်ရပါတယ်။
“မင်း ဘိုးလင်း ကစားတာကြိုက်လား” လို့ ကျွန်တော် တည်တည်ငြိမ်ငြိမ် မေးလိုက်ပါတယ်။
“ဘယ်လို ကစားရလဲ ကျွန်တော် မသိပါဘူး” သူ့လေသံက မြောက်ပိုင်းလေသံပါ။
“မင်းက မြောက်ပိုင်းကလား”
“ဟုတ်”
 
သူ တိုတိုတုတ်တုတ် ပြန်ဖြေတာ ကျွန်တော် မကြိုက်ပါဘူး။ ကျွန်တော် ဂရုမစိုက်တာကို ပြဖို့ ဆုံးဖြတ်ရင်း ကျန်တဲ့ အဖွဲ့သားတွေနဲ့ ပါဝင်ကစားဖို့ ထထွက်လာခဲ့ပါတယ်။ လန်ယုတစ်ယောက်ကလွဲလို့ ကျန်တဲ့ လူတွေ အကုန်လုံး ဘိုလင်းလမ်းကြောင်းအစမှာ ရှိနေကြပါတယ်။ သူဟာ ကျွန်တော် သူ့ကို ထားခဲ့တဲ့ အခန်းရဲ့ ကော်ဇောခင်းထားရာ နေရာမှာ ရှိနေဆဲပါပဲ။ သူမပါတာကို ဘယ်သူမှ သတိမထားမိပါဘူး။
 
လမ်းနံပါတ် သုံးနားက ပြောင်လက်နေတဲ့ သတ္တုစားပွဲကို ကျွန်တော် မှီနေလိုက်ပါတယ်။ ကျွန်တော့် ရှေ့က ခြေလှမ်း အနည်းငယ်လောက်အကွာမှာ ကျန်းကျီနဲ့ လျူကျန်းတို့နှစ်ယောက် ဘိုးလင်းလမ်းရဲ့ တစ်ဖက်တစ်ချပ်မှာ လက်ပိုက်ပြီး မတ်တပ်ရပ်လို့နေပါတယ်။ သူတို့နှစ်ယောက်ဟာ ဘယ်လက်ကို ခါးမှာထောက်၊ ညာလက်ချောင်းတွေက ဘိုးလင်းဘောလုံးထဲ ထည့်သွင်းထားပြီး ကြိုးစားတဲ့ပုံစံဖြစ်နေတဲ့ ဝေဂူအိုကို ကြည့်လို့နေပါတယ်။ သူဟာ ဒူးကို မသိမသာ ကွေးညွတ်ပြီး သူ့ရှေ့မှာရှိနေတဲ့ ထောင်ထားတဲ့ ဘိုးလင်းပင်ချောင်းတွေကို အာရုံစိုက်ကြည့်လို့နေပါတယ်။ တကယ့်ကို အထင်ကြီးစရာမြင်ကွင်းပါပဲ။ သူဟာ လျူကျန်း ကျွန်တော့်ဘက်ကို ရုတ်တရတ် လျှောက်လာတာကို သတိမထားမိပါဘူး။ သူဟာ ကျွန်တော့် ဘေးက စားပွဲကို မှီရပ်လိုက်ပါတယ်။ ပြီးတော့ ကျွန်တော်တို့နှစ်ယောက် နားရွက်ချင်း ထိလုမတတ်ဖြစ်အောင် ဖြစ်အောင် ကျွန်တော့် ဘက်ကို ခေါင်း စောင်းလာခဲ့ပါတယ်။
 
“စားပြီးပြီလား” လို့ သူက ဝေဂူအိုဘက်ကို ငေးစိုက်ကြည့်ရင်း ကျွန်တော့်ကို ပုန်းလျှိုးကွယ်လျှိုးမေးပါတယ်။ ကျွန်တော်တို့ အစောပိုင်းတုန်းက နှုတ်ဆက်ခဲ့တဲ့ “ဟိုင်း၊ဟိုင်း စားပြီးပြီလား” ဆိုတာဟာ အစဉ်အလာအရပါ။ ခုမှ လျူကျန်းက သိချင်တာပါ။
“မစားရသေးဘူး၊ဘာဖြစ်လို့လဲ။ တစ်နေရာ သွားချင်လို့လား” ကျွန်တော့် အသံက ပုံမှန်ထက် ပိုကျယ်သွားပါတယ်။ ကျွန်တော့်ရဲ့ စိတ်ခံစားမှုတွေကို ကွယ်ဝှက်နိုင်အောင် စိတ်ပျက်သံတဲ့ အသံဖြစ်အောင်ကြိုးစားနေတာပါ။ ကျွန်တော့် နှလုံးသားက တဒိတ်ဒိတ်နဲ့ ထိန်းမရအောင် ခုန်နေပါတယ်။ ကျွန်တော်တို့နောက်မှာ လန်ယု ဘာလုပ်နေလဲဆိုတာကို ကျွန်တော် သိချင်စိတ် ပြင်းပြနေပါတယ်။ သူ မတ်တပ် ရပ်နေတုန်းပဲလား။ ကျွန်တော်တို့ဆီ လာဖို့၊မလာဖို့ ဆုံးဖြတ်နေသလား။ သူဟာ သောက်စရာ ဝယ်ဖို့ ဒါမှမဟုတ် အိမ်သာသွားဖို့ ထွက်သွားပြီလား။ ဒါမှမဟုတ် ဒီအဆောက်အဦထဲကပဲ ဒီအတိုင်းထွက်သွားပြီလား။ ကျွန်တော် သိချင်ပါတယ်။ ဒါပေမယ့် နောက်လှည့်ကြည့်ပြီး မျက်နှာပျက်ရမှာကိုတော့ မခံနိုင်ပါဘူး။
 
“မင်းတို့ပဲ သွားကြပါ။ ငါက စားလာခဲ့တာမကြာသေးဘူး” လို့ လျူကျန်းကပြောပါတယ်။ သူ့လေသံက သဘာဝမကျစွာ အရမ်းဝေးနေသလိုပါပဲ။ သူဟာ ဘိုးလင်းပစ်တာ တစ်ချောင်းကလွဲလို့ အားလုံးကို လှဲပစ်လိုက်နိုင်သွားတဲ့ ဝေဂူအိုကို ငေးကြည့်နေပါတယ်။ ဝေဂူအိုဟာ ဘယ်သူ့ရယ်မှ မဟုတ်ပဲ လက်မထောင်ပြနေပါတယ်။ ကျွန်တော် လျူကျန်းကို သေချာကြည့်မိပါတယ်။ သူဟာ ကျွန်တော့် အတွက် အစီအစဉ်တွေ ဆွဲပေးနေပါတယ်။
 
“မင်းနဲ့လန်ယုပဲ သွားပါ” လို့ သူက တည်တည်ငြိမ်ငြိမ်နဲ့ ထပ်ပြောပါတယ်။
အဲဒီနောက်တော့ ကျွန်တော်တို့နှစ်ယောက် အချိန်ကိုက်မှဖြစ်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ ဇီးကွက်နှစ်ကောင်လို ခေါင်းတွေကို လန်ယုဘက် လှည့်ကြည့်လိုက်ကြပါတယ်။ လန်ယုဟာ အခန်းထောင့်မှာ သုန်သုန်မှုန်မှုန်မျက်နှာထားနဲ့ ကျွန်တော်တို့ဘက်ကို မတ်တပ်ရပ်ကြည့်နေဆဲပါပဲ။
 
“ငါတို့တစ်ခုခု သွားစားကြမယ်” လို့ ကျွန်တော်က စကားဝိုင်းထဲမှာ လန်ယုတစ်ချိန်လုံး ပါနေတဲ့ ပုံစံနဲ့ အော်ပြောလိုက်ပါတယ်။ “စကားတပြောပြောသွားတာပေါ့၊ဟုတ်ပြီလား”
သူက အမိန့် နာခံစွာနဲ့ ခေါင်းညိတ်ပါတယ်။
 
“ကျန်းကျီ၊၊ ဝေဂူအို” ကျွန်တော် စားပွဲက မတ်တပ်ထ၊ သူတို့ဘက်ကို သွားရင်းအော်ပြောလိုက်တယ်။ “ငါသွားရတော့မယ်။ ငါ့အစ်ကိုရဲ့ကလေးကို ညစာလိုက်ကျွေးလိုက်ဦးမယ်။ နို့မို့ရင် ပစ်ထားတယ် အပြောခံနေရဦးမယ်။ လိုက်ကြမလား” အကြောင်းအချို့ကြောင့် ကျွန်တော် အသံကို ကျယ်ကျယ်ပြောလို့နေတယ်။ အဲဒီလို တစ်ခုခုလုပ်နေတာက ပုံမှန်ဖြစ်နေမှုကို ေ၀ဝါးစေလိမ့်မယ်လို့ ကျွန်တော် ထင်မိတယ်။
 
“နင်တို့ သွားကြပါ။ ပျော်ပါစေ” လို့ ကျန်းကျီက ကျွန်တော့်ကို ပြုံးပြီးကြည့်ရင်းပြောတယ်။ သူမဟာ သိသင့်တာထက် ပိုသိထားတဲ့ ပုံစံမျိုး အရိပ်အယောင်ပြလို့နေပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကျွန်တော် ဂရုမစိုက်နိုင်အားပါဘူး။ ကျွန်တော့်မှာ ဒီ့ထက်ကြီးမားတဲ့ စိတ်ပူစရာတွေ ရှိနေပါတယ်။
 

You can treat me a cup of coffee.

wave

Press ESC to close