စစ်ကောင်စီကို နည်းပညာဖြင့် အကူအညီပေးနေသည့် ကုမ္ပဏီများ | အပိုင်း (၂)
FISCA Security & Electrical Engineering Co., Ltd အကြောင်း

စစ်ကောင်စီကို နည်းပညာဖြင့် အကူအညီပေးနေသည့် ကုမ္ပဏီများ | အပိုင်း (၂)

မင်းအောင်လှိုင်၏ စစ်ကောင်စီကို နည်းပညာဖြင့် အကူအညီပေးနေသည့် ကုမ္ပဏီများအနက် နောင်ရိုးကုမ္ပဏီနှင့် အပြိုင် ကုမ္ပဏီကြီးတစ်ခု ရှိနေသေးသည်။ ယင်းကုမ္ပဏီမှာ ရန်ကုန်မြို့တွင် စီစီတီဗွီတပ်ဆင်ရေး လုပ်ငန်းများကို တရုတ်နည်းပညာကုမ္ပဏီနှစ်ခု၏ ပစ္စည်းများအသုံးပြုကာ အဓိက လုပ်ကိုင်ပြီး ဗိုလ်သန်းရွှေလက်ထက်ကတည်းက ယနေ့ထိ မြန်မာစစ်တပ်နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် ကုမ္ပဏီကြီး တစ်ခုဖြစ်သည်။

 

FISCA Security & Electrical Engineering Co., Ltd ဖြစ်သည်။

 

မွန်ပြည်နယ် မော်လမြိုင်တွင် ပြုလုပ်မည့် စီစီတီဗွီစီမံကိန်းကို နောင်ရိုးကုမ္ပဏီနှင့်အတူ ပူးတွဲ တင်ဒါရရှိထားသည့် ကုမ္ပဏီတစ်ခုရှိကြောင်း ယခင် အပိုင်း (၁) တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။ ယင်းကုမ္ပဏီမှာ FISCA ဖြစ်သည်။ 

 

အာဏာမသိမ်းမီက ရန်ကုန်မြို့အဝင်နေရာ ၉ ခုနှင့် ရွှေတိဂုံ (Smart Pagoda Project)၊ ရခိုပြည်နယ်မြောက်ပိုင်း စီမံကိန်း၊ အဝေးပြေးလမ်း (Highway Project) တို့တွင်လည်း FISCA ကုမ္ပဏီကပင် တင်ဒါရရှိခဲ့ပြီး စီစီတီဗွီများ တပ်ဆင်ခဲ့သည်။ ယခုအချိန်တွင် ယင်း စီမံကိန်းများမှာ စစ်ကောင်စီက ဒီမိုကရေစီလိုလားသူများကို ဖိနှိပ်ဖီးဆီးရာတွင် အထူးအသုံးဝင်သည့် လက်နက်များ ဖြစ်နေပြီဖြစ်သည်။ FISCA ကလည်း ဆက်လက် ကူညီပေးနေဆဲ ဖြစ်သည်။

 

FISCA ကုမ္ပဏီသည် မင်းအောင်လှိုင် မတိုင်မီ ဗိုလ်သိန်းစိန်၊ ထို့ထက်မက ဗိုလ်သန်းရွှေလက်ထက် ကတည်းကပင် စစ်တပ်နှင့် အနီးကပ် အလုပ်တွဲလုပ်နေခဲ့သည့် နည်းပညာကုမ္ပဏီကြီး တစ်ခုဖြစ်သည်။

 

FISCA ရဲ့ အစ

 

နောင်ရိုးကုမ္ပဏီမှာ မြန်မာနိုင်ငံသား ရဲဝင့်ထွဋ်တင်ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်သော်လည်း Myanmar FISCA ကုမ္ပဏီမှာ စင်္ကာပူနိုင်ငံသား တရုတ် ပိုင်ဆိုင်သည့်ကုမ္ပဏီဖြစ်သည်။ FISCA ဟူသည့်နာမည်ဖြင့် FISCA Australia ကို ၁၉၉၆ ခုနှစ်တွင် စင်္ကာပူပေါက်တရုတ်နှင့် သြစတေးလျနိုင်ငံသား မစ္စတာ ရစ်ကီတန် (Mr. Ricky Tan) တို့က တည်ထောင်ခဲ့ကြသည်။

 

ထို့နောက် FISCA Myanmar ကို ၁၉၉၇ ခုနှစ်တွင် ဇော်ဝိတ်ခေါ် - Eric Zaw Weit နှင့်အတူ ထူထောင်ခဲ့ခြင်းဖြစ်သည်။ ဇော်ဝိတ်မှာ ယူနန်တရုတ်ဖြစ်ပြီး ဇနီးဖြစ်သူမှာလည်း ရန်ကုန်မြို့တွင် လက်ဝတ်ရတနာဆိုင်များနှင့် ကော်ဖီဆိုင်များ ဖွင့်ထားသည့် တရုတ်စပ် အမျိုးသမီး တစ်ဦးဖြစ်သည်။

 

နည်းပညာလောကသားများ၏ ပြောဆိုချက်အရ နောင်ရိုးနှင့် FISCA Myanmar မှာ နည်းပညာလောက၏ မာဖီးယားများဟု ဆိုကြသည်။ Myanmar FISCA Security & Electrical Engineering Co., Ltd နာမည်ဖြင့် မှတ်ပုံတင်ခဲ့ရာတွင် တည်ထောင်သူ စင်္ကာပူနိုင်သားတရုတ်မှာ မစ္စတာ ဖောယန်ခွမ်း (Mr Foo Yung Kuan) ဖြစ်သည်။ မြစ်ကြီးနား မှတ်ပုံတင်ကိုင်ထားသည့် ဦးဇော်ဝိတ် [၁/မကန (နိုင်) ၀၈၁၉၀၃] မှာ ပူးတွဲတည်ထောင်သူ ဖြစ်သည်။

 

Foo Yung Kuan ဆိုတာ ဘယ်သူလဲ

 

ဖောယန်ခွမ်းမှာ ၁၉၈၅ ခုနှစ်၊ ၎င်းအသက် ၃၃ နှစ်တွင် မက်ဆာချူးဆက် နည်းပညာ အင်စတီကျုမှ အီလက်ထရီကယ် အင်ဂျင်နီယာနှင့် ကွန်ပျူတာသိပ္ပံဘွဲ့ ရခဲ့ပြီး အသက် ၃၆ နှစ်တွင် အင်္ဂလန် အောက်စဖို့တက္ကသိုလ်မှ ဒဿနိကဗေဒနှင့် ဒေါက်တာဘွဲ့ရခဲ့သည်ဟု Prabook ဟူသည့် နာမည်ကြီး လူပုဂ္ဂိုလ်များ၊ စီးပွားရေး တိုင်ကွန်းများအကြောင်း ဖော်ပြသည့် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

 

၁၉၅၇ ခုနှစ်ဖွားဖြစ်သည့် ဖောယန်ခွမ်းမှာ ယခုအချိန်တွင် ၆၄ နှစ်ရှိနေမည်ဖြစ်ပြီး Myanmar FISCA ကို ဆက်လက် အုပ်ချုပ်နေသေးသလားဆိုသည်မှာတော့ မသေချာပါ။ အကြောင်းရင်းမှာ စတင်တည်ထောင်ခဲ့စဉ်က ပါဝင်ခဲ့သည့် Myanmar ဟူသည့်စကားလုံးကို ဖြုတ်ပြီး ၂၀၁၅ ခုနှစ်တွင် FISCA Security & Electrical Engineering Co., Ltd ဟူ၍ ထပ်မံ မှတ်ပုံတင်ခဲ့ရာတွင် ဖောယန်ခွမ်း၏ နာမည် ပါမလာတော့ဘဲ ဦးဇော်ဝိတ်၊ ဇနီး ဒေါ်စုစုအေး (ခေါ်) ဒေါ်အားဖန်နှင့် ပြည်ထဲရေးမှ ရဲမှူးကြီးဟောင်း တစ်ဦးတို့သာ ပါလာတော့သည်။

 

အာဏာမသိမ်းမီက FISCA ဘာတွေ လုပ်ခဲ့သလဲ

 

FISCA ကုမ္ပဏီကို အဓိက နည်းပညာပစ္စည်း ထောက်ပံ့ပေးသူမှာ Huawei နှင့် Dahua တို့ဖြစ်သည်။ ရန်ကုန်မြို့အဝင် ၉ နေရာတွင် စီစီတီဗွီ စီမံကိန်းများကို အာဏာမသိမ်းမီ လပိုင်းအလိုကပင် တပ်ဆင်ခဲ့ပြီး မပြီးပြတ်သေးသည့်နေရာများတွင် FISCA ကုမ္ပဏီဝန်ထမ်းများက ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်သည်။ ရန်ကုန်မြို့အဝင် ၉ နေရာနှင့် အဝေးပြေးလမ်း စီမံကိန်း (Highway Project) မှာ သီးခြားစီတင်ဒါခေါ်ခဲ့ပြီး FISCA Myanmar က နှစ်ခုစလုံးကို ရရှိခဲ့သည်။

 

“၉ နေရာလုံးပေါင်းလိုက်ရင် စီစီတီဗွီ အလုံး ၁၀၀ လောက်ရှိမယ်။ ဇီရိုးမိုင် (Zero Mile) ဆိုရင်လည်း မိုင်တိုင် ၂၀ ထိ တပ်တာ။ ရန်ကုန်မြို့နဲ့နီးရင် ဖိုင်ဘာကြိုးကို ဆက်ကြောင်းထဲ ထည့်လိုက်တယ်။ ဒါကို ကွန်ထရိုးစင်တာထဲ ထည့်လိုက်တာပေါ့” ဟု သတင်းရင်းမြစ်က ဆိုသည်။

 

ရန်ကုန်မြို့အဝင် မှော်ဘီမြို့နယ်နှင့် နီးသည့် စီစီတီဗွီများကို မှော်ဘီရဲစခန်းတွင် ကြည့်နိုင်ရန် ထိန်းချုပ်ရေးစင်တာ ထားရှိပြီး ညောင်လေးပင်တွင် တပ်ဆင်ထားသည့် ကင်မရာများကို ညောင်လေးပင် ရဲစခန်းက ကြည့်ရှုနိုင်သည်။ ထို့ပြင် ဧရာဝတီတိုင်းသို့အသွား ရန်ကုန်မြို့အထွက်တွင်လည်း စီစီတီဗွီများ တပ်ဆင်ထားပြီး နီးစပ်ရာ ရဲစခန်းက ထိန်းချုပ်ထားသည်။

 

စီစီတီဗွီတပ်ဆင်ရေးနှင့် အပြီးသတ်လုပ်ငန်းများမှာ ယခုအချိန်တွင် အရှိန်မြှင့် လုပ်ဆောင်နေရသည့်အတွက် FISCA ကုမ္ပဏီဝန်ထမ်းများမှာ အိမ်ပြန် နောက်ကျနေဆဲ ဖြစ်သည်။ ည ၈ နာရီမှ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့် ကာဖျူးအမိန့်ထုတ်ထားခဲ့သည့် ကာလများကဆိုလျှင် FISCA ဝန်ထမ်းများမှာ ကုမ္ပဏီက အထူးအခွင့်အရေးအနေနှင့် ပေးအပ်ထားသည့် စာရွက်စာတမ်းကို အသုံးပြု၍ ည ၁၀ နာရီမှ ၁၁ နာရီထိ လွတ်လပ်စွာ သွားလာနိုင်သည်။

 

ပေးအပ်ထားသည့် အထူးစာရွက်များကို အသုံးပြုခွင့်ရနေခြင်းမှာ FISCA ကုမ္ပဏီ၏ ဒါရိုက်တာ တစ်ဦးဖြစ်သည့် ရဲမှူးချုပ်ဟောင်း စိုးမြင့်ထွန်း၏ အာဏာကြောင့် ဖြစ်ပြီး ယခင် ရဲမှူးကြီးဟောင်း သူရတင်လှလည်း ပါဝင်သည်။ (၎င်းတို့အကြောင်းကို ဆောင်းပါး နောက်ပိုင်းတွင် ဖော်ပြပါမည်)

 

“တော်ရုံရဲ လာစစ်လို့ကတော့ ရူးသွားမယ်။ စာရွက်မှာ သူရတင်လှ လက်မှတ်ပါတယ်။ တချို့ကောင်တွေဆိုရင် ဦးစိုးမြင့်ထွန်း နာမည်ကို ပြောလိုက်ရင် ထိတောင် မထိရဲဘူး” ဟု သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။

 

စစ်ကောင်စီကို နည်းပညာဖြင့် အကူအညီပေးနေသည့် ကုမ္ပဏီများ | အပိုင်း (၃) တွင် Smart Pagoda - ရွှေတိဂုံ စီစီတီဗွီ စီမံကိန်း၊ FISCA ကုမ္ပဏီ၏ ရခိုင်ပြည်နယ်မြောက်ပိုင်းမှ စီစီတီဗွီ စီမံကိန်းများ ပါဝင်သည်။

 


You can treat me a cup of coffee.

Paypal


About Mratt

သတင်း၊ ဆောင်းပါးနဲ့ ဖန်တီးစာတွေ ရေးတယ်။ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ ကဗျာတွေကို ချစ်တယ်၊ ဂစ်တာ နည်းနည်း တီးတယ်။ Blues ကို သစ်ရွက်ခြောက်တွေကြား ခံစားတယ်။ ရံဖန်ရံခါ Heavy Metal တွေ နားထောင်တယ်။ Fixed Gear စက်ဘီး စီးတယ်။ ဘာသာတရားကိုးကွယ်မှုကို လေးစားပေမယ့် မယုံကြည်ဘူး။