ဒေါက်တာ ထားထားလင်းနှင့် သားဖြစ်သူတို့ ၁၀ ရက်ကျော်ကြာ ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဆက်အသွယ်မရသေး  

ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ဦးဆောင်ခဲ့သည့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ထားထားလင်းနှင့် ၇ နှစ်အရွယ် သားဖြစ်သူတို့ ဇွန်လ ၁၀ ရက်က ရန်ကုန်မြို့တွင် ဖမ်းဆီးခံခဲ့ရပြီး ယခုအချိန်ထိ စစ်ကောင်စီက မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသေးပေ။

 

ဒေါက်တာ ဒေါ်ထားထားလင်းကို ဖမ်းဆီးချိန်တွင် ခင်ပွန်း ဦးညီညီအောင်၊ ၎င်းတို့၏ (၇) နှစ်အရွယ် သားငယ် မောင်အောင်သုခမိန်လင်း၊ ဒေါ်ထားထားလင်း၏ သူငယ်ချင်း ဒေါက်တာ ဒေါ် အေးအေးငြိမ်းနှင့် သမီးငယ် မခိုင်မင်းမင်းငြိမ်းတို့ပါ တပါတည်း ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

 

မိသားစုနှင့် နီးစပ်သူ အမည်မဖော်လိုသူ ဆရာဝန်တစ်ဦးက ကလေးတင်မကဘူး၊ သူ အရမ်းချစ်တဲ့ ခွေးလေးလည်း အဖမ်းခံရတဲ့အထဲ ပါသွားတယ်။ ရက် ၂၀ ကျော်ပြီကြာပြီဆိုတော့ ဒါ သိပ်တရားလွန်ပါတယ်။ သားငယ်လေး အမြန်ဆုံးလွတ်မြောက်ဖို့ ဆုတောင်းနေပါတယ် ဟု ဆိုသည်။

 

ဒေါ်ထားထားလင်း၏ သူငယ်ချင်း တစ်ဦးကလည်း “ကလေးက စိတ်ဒဏ်ရာတွေ ဘယ်လောက်တောင် ရသွားမလဲ၊ စိတ်ကူးနဲ့တောင် မတွေးဝံ့စရာပါ။ ဆရာဝန်ကို ဖမ်းပြီး တပ်ချင်ရာ ပုဒ်မ တပ်တာတော့ သူတို့လုပ်မှာပေါ့၊ ဒီ ဘာမှ အပြစ်မရှိတဲ့ဒီကလေးလေးကို ဖမ်းဆီးထားတာကတော့ လုံးဝ မလုပ်အပ်တဲ့ ရာဇဝတ်မှုကို စစ်ကောင်စီက ကျူးလွန်နေတာပါပဲ” ဟု ပြောသည်။

 

ဒေါ်ထားထားလင်း၏ သူငယ်ချင်းများနှင့် ရင်းနှီးသူ မိတ်ဆွေများက မိသားစုအပါအဝင် “ကလေးငယ်ကို အမြန်လွှတ်ပေးဖို့ ဝိုင်းဝန်း တောင်းဆို ပေးကြပါဗျာဟု ဆိုသည်။

 

ဒေါ်ထားထားလင်း၏ ဓာတ်ပုံနှင့် ငွေကြေးများ လိမ်လည်သည်ဟု စွပ်စွဲခံရသည့် သတင်းတုများမှာ အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁၈ ရက်က ဖေ့စ်ဘွတ်ပေါ်တွင် ပျံ့ခဲ့ပြီး ယင်းအချိန်ကတည်းက ဒေါက်တာ ဒေါ်ထားထားလင်း ရှောင်ပြေးနေခဲ့ရခြင်းဖြစ်သည်။

 

မင်းအောင်လှိုင် လက်အောက်ခံ တပ်မတော် သတင်းမှန်ပြန်ကြားရေး၏ ဇွန် ၁၂ ရက် ထုတ်ပြန်ချက်အရ ဒေါ်ထားထားလင်းသည် “တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း လက်ကျန်ငွေ ကျပ် ၁၆၂ သန်းနီးပါးကို ငွေစာရင်းရှင်းလင်းခြင်း မရှိဘဲ CDM လုပ်သွားခဲ့တယ်။ နောက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့တယ်” ဟု စွပ်စွဲထားသည်ကို တွေ့ရသည်။

 

ဒေါ်ထားထားလင်း၏ အဆိုအရ “ကာကွယ်ဆေးဝယ်ယူထားသည့်ကိစ္စ အသေးစိတ် အခြေအနေအားလုံးကို သက်သေတွေနဲ့အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ပေးပို့ပြီးဖြစ်တယ်” ဟု ဖေဖော်ဝါရီ ၂၀ ရက်က ၎င်း၏ စာတွင် ရေးသားခဲ့သည်။

 

ထို့ပြင် ကာကွယ်ဆေးဝယ်ယူရေး ကော်မတီနှင့် ကာကွယ်ဆေး ဝယ်ယူရေး ရန်ပုံငွေ စီမံခန့်ခွဲမှု ကော်မတီနှစ်ခုစလုံးတွင် ဒေါ်ထားထားလင်းပါဝင်ခြင်း မရှိဘဲ ယင်းကော်မတီနှစ်ခုလုံးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်မှ လုပ်ကိုင်သည့် အဖွဲ့ဖြစ်သည်ဟု ဒေါ်ထားထားလင်းက ရှင်းလင်းထားခဲ့သည်။

 

ဒေါ်ထားထားလင်းဆိုတာ ဘယ်သူလဲ (စာဖတ်ရန် Link ကိုနှိပ်ပါ)

You can treat me a cup of coffee.

wave

Press ESC to close