FOEIM တည်ထောင်သူနှင့် ငွေစာရင်းရှင်းတမ်း

(ပထမပိုင်း)

FOEIM ဟု ဆိုလျှင် စစ်အာဏာရှင်ကို ဆန့်ကျင်သူ အများစု သိကြသည်။ အထူးသဖြင့် စစ်အာဏာရှင်၏ ကျောင်းများတွင် သားသမီးများကို မထားချင်သည့် မိဘများ၏ အားကိုးရာတစ်ခုဟု ပြောလျှင်လည်း မှားမည် မထင်ပါ။

Free Online Educational Institution Myanmar ခေါ် FOEIM မှာ ကျောင်းသားမိဘများကြား နာမည်ကောင်းဖြင့် ရပ်တည်နေပြီး ကျောင်းသားမိဘတစ်ဦးကကျနော့် သားသမီးတွေ၊ တူ တူမတွေအားလုံး အဲ့ဒီမှာပဲ ထားတယ်။ သင်ကြားပေးတဲ့ စနစ်က အတော်ကောင်းတယ်ဟု ဆိုသည်။

FOEIM ကို လူသိများသကဲ့သို့ ကျောင်း တည်ထောင်သူမှာလည်း ဆိုရှယ်မီဒီယာပေါ် အတိုင်းအတာတစ်ခုအထိ ထင်ပေါ်သူတစ်ဦး ဖြစ်သည်။ တော်လှန်ရေးကာလအတွင်း အာဏာရှင် ပညာရေးစနစ်ကို တွန်းလှန်သည့် အွန်လိုင်း စာသင်ကျောင်းများအနက် FOEIM သည် ဆိုရှယ်မီဒီယာနှင့် ကျောင်းသားမိဘများကြား နာမည်ကောင်းဖြင့် ထင်ရှားသည့် ကျောင်းတစ်ကျောင်းဖြစ်သည်။

သို့သော် FOEIM တည်ထောင်သူနှင့် FOEIM ၏ သင်ကြားရေးနှင့် ရုံးလုပ်ငန်းများကို လည်ပတ်နေသည့် ရုံးအဖွဲ့ကြား သဘောကွဲလွဲမှုများ ရှိနေသည်။ FOEIM တည်ထောင်သူ၏ငွေကြေးသုံးစွဲမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးပေးပါရန်ရုံးအဖွဲ့ဝင် ၄ ဦးက အမျိုးသားညီညွတ်ရေးအစိုးရထံ ယမန်နေ့ နိုဝင်ဘာ ၁၀ က တိုင်ကြားခဲ့သည်။

တိုင်ကြားစာအရ “FOEIM သည် ရံပုံငွေ အမြောက်အမြားလက်ခံရရှိနေသော အဖွဲ့အစည်း ဖြစ်သော်လည်း ငွေကြေးများကို စနစ်တကျ စာရင်းပြုစုစီမံသည့် ငွေကြေးစီမံခန့်ခွဲရေးအဖွဲ့ဟူ၍ ဖွဲ့စည်းထားခြင်းမရှိဘဲ တည်ထောင်သူ တစ်ဦးတည်း၏ စိတ်သဘောကျ အဖွဲ့အစည်း၏ ရံပုံငွေများကို စီမံခန့်ခွဲနေပြီး အဖွဲ့အစည်းအတွင်း ငွေစာရင်းရှင်းတမ်းအား တစ်ကြိမ်တစ်ခါမျှ ပွင့်လင်းမြင်သာမှုရှိစွာ ရှင်းပြခဲ့ခြင်း မရှိဟု ပါရှိသည်။

ယခုဆောင်းပါးကို တိုင်ကြားစာတွင် ပါဝင်သည့် FOEIM ၏ဝန်ထမ်းများနှင့် ယခင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ တစ်ဦးတို့၏ ပြောကြားချက်များအရ ရေးသားထားခြင်းဖြစ်သည်။

FOEIM တည်ထောင်သူ ကိုခန့်သူ

အသက် ၂၃ နှစ်အရွယ် ကိုခန့်သူကို Facebook တွင် Khant Thu (ဖောင်ဖောင်) အဖြစ် လူသိများပြီး အာဏာသိမ်းစကတည်းက ယခုနှစ် စက်တင်ဘာ နောက်ဆုံးပတ်ထိ ၎င်း၏ဆိုရှယ်မီဒီယာတွင် တော်လှန်ရေးနှင့် ပတ်သက်၍ တက်ကြွသူတစ်ဦးအဖြစ် မြင်တွေ့ရသည်။ စက်တင်ဘာလ နောက်ပိုင်းတွင်တော့ ဒေါ်လာနှင့် ထိုင်းဘတ်ငွေ ရောင်းဝယ်ရေး အများစုကို တွေ့ရသည်။

လက်ရှိ ထိုင်းနိုင်ငံတွင် နေထိုင်သူ ကိုခန့်သူ၏ Facebook တွင် ဖော်ပြချက်အရ အမေရိကန် နယူးယောက်တက္ကသိုလ်တွင် ဘောဂဗေဒ မဟာဘွဲ့ တက်နေဆဲဟုသိရသည်။ FOEIM ၏လုပ်ငန်းများကို လည်ပတ်သည့်ရုံးအဖွဲ့ဝင်များနှင့် စာသင်ကြားနေသူ ဆရာဆရာမများမှာ စစ်အာဏာရှင်ကို ဆန့်ကျင်ခဲ့သူ စီဒီအမ်များဖြစ်သည်။

ယခု FOEIM ရုံးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရထံ တိုင်ကြားရသည့် အကြောင်းရင်းမှာ FOEIM စာမျက်နှာတွင် ကိုခန့်သူ တင်ခဲ့ဖူးသည့် ငွေစာရင်းရှင်းတမ်းမှာ အမှန်တကယ်ကုန်ကျသည့် ကုန်ကျစရိတ်များနှင့် လွဲချော်နေသည်ဟု ဆိုကြပြီး ကျန်ငွေစာရင်းများအားလုံးကိုလည်း ကိုခန့်သူ တစ်ဦးတည်း ထိန်းချုပ်ထားသည့်အတွက် အဖွဲ့အစည်းအတွင်း ပွင့်လင်းမြင်သာမှုရှိရန် ဖြစ်သည်။ ယင်းအနက်မှ သိသာထင်ရှားသည့် ငွေစာရင်း ကွာဟချက်အချို့ကို ဖော်ပြလိုသည်။

Cyber Security တစ်နှစ်စာ ကျပ်သိန်း ၃၀၀

FOEIM Facebook စာမျက်နှာတွင် ယခုနှစ် ဇူလိုင် ၁၁ ရက်က ငွေစာရင်းရှင်းတမ်း တစ်ခု တင်ခဲ့ဖူးသည်။ သို့သော် ယင်းစာရင်းမှာ ကိုခန့်သူ တစ်ဦးတည်း၏ တွက်ချက်မှုဟု ရုံးအဖွဲ့သားများက ဆိုကြသည့်အပြင် ယင်းစာရင်းတွင် ပါဝင်နေသည့် ငွေစာရင်းမှာ လွဲချော်နေသည်ဟုလည်း ထောက်ပြကြသည်။

စာရင်းတွင် ‘Cyber Security အတွက် ကုန်ကျငွေဟုခေါင်းစဉ်တပ်ထားသော်လည်း အမှန်တကယ်တွင် Server ကြေးပေးသွင်းရသည့်ငွေကို ဆိုလိုသည်ဟု ရုံးအဖွဲ့က ဆိုသည်။ FOEIM အဖွဲ့သားများပြလာသည့် ငွေဖြတ်ပိုင်းအရ ၂၀၂၁ အောက်တိုဘာမှ ၂၀၂၂ အောက်တိုဘာအထိ Server ကြေး ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂၆၆ ကျပ်ရှိသည်။

ယမန်နှစ် အောက်တိုဘာက ဒေါ်လာပေါက်ဈေး တစ်ဒေါ်လာ ၂၀၀၀ ကျပ်ဝန်းကျင်နှင့် တွက်ပါက စုစုပေါင်း ၅ သိန်း ၃ သောင်းကျော်ရှိသည်။ သို့သော် ကိုခန့်သူ တင်ထားသည့် ငွေစာရင်းအရ Cyber Security အတွက် ကျပ်ငွေ သိန်း ၃၀၀ ဖြစ်နေသည်။

တကယ်က အိုင်တီ အနေနဲ့ သုံးထားတာက ဒေါ်လာ ၃၀၀ ပတ်လည်ထက် မပိုခဲ့ဘူး။ အများဆုံး ထည့်ရင်တောင် (ဒေါ်လာ) ၅၀၀ ပတ်လည်ပဲ တစ်နှစ်စာဟု FOEIM အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ထို့ပြင် လာမည့် ပညာသင်နှစ်အတွက် Server ကြေး ထပ်မံပေးသွင်းထားသေးသည်ကိုလည်း ရုံးအဖွဲ့က ပြသသည့် ငွေဖြတ်ပိုင်းတွင် မြင်တွေ့ရပြီး ၂၀၂၂ အောက်တိုဘာမှ ၂၀၂၃ အောက်တိုဘာထိ ကျန်ကျငွေ ၃၃၃ ဒေါ်လာရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ဒေါ်လာဈေးအရ ၃၃၃ ဒေါ်လာမှာ ကျပ်ငွေ ၁၁ သိန်းဝန်းကျင်ဟု ယူဆနိုင်သည်။

ထို့ကြောင့် ကိုခန့်သူ၏ ငွေစာရင်းတွင် ပါဝင်သည့် Cyber Security အတွက် ကုန်ကျငွေ သိန်း ၃၀၀ ဆိုသည်မှာ နှစ်နှစ်စာ စုစုပေါင်းပင် မရှိသည့်အတွက် မေးခွန်းထုတ်စရာဖြစ်နေသည်ဟု အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

“Kaung For You က ဖမ်းခံရတဲ့ကိစ္စတွေ ဖြစ်တော့ လူတိုင်းက Kaung For You က Cyber Security အားနည်းတာမို့လို့ ဒီလိုဖြစ်တာပေါ့၊ ဒါကြောင့် FOEIM ကတော့ ကိုယ်ပိုင် Server နဲ့လုပ်တာပေါ့၊ ဒါကြောင့် ငွေအများကြီး သုံးရတယ်ပေါ့၊ လူတွေကို ဒီလိုမြင်စေချင်တဲ့အတွက် သိန်း ၃၀၀ ဆိုပြီး ခန့်သူ ထည့်ထားတာပါဟု FOEIM အဖွဲ့ဝင်တစ်ဦးက ရှင်းပြသည်။

FOEIM နှင့် ကိုခန့်သူ ငွေ ဘယ်လောက်ရခဲ့သလဲ

၂၀၂၁ ခုနှစ် ဧပြီလတွင် FOEIM ကို စတင်တည်ထောင်စဉ်က အခမဲ့ဖြစ်ပြီး ကျောင်းလခလည်း ကောက်ခံခဲ့ခြင်း မရှိပေ။ သို့သော် Funding Week ဟုခေါ်သည့် နှစ်လတစ်ကြိမ် အလှူငွေကောက်ခံမှု စုစုပေါင်း ၇ ကြိမ်လုပ်ခဲ့ဖူးသည်။ ထို့နောက် ယခုနှစ် ၂၀၂၂ ဇွန်လမှစတင်ကာ အခမဲ့ မဟုတ်တော့ဘဲ ကျောင်းသားအသစ်များကို သြဂုတ်နှင့် နိုဝင်ဘာ အတန်းသစ်များအတွက် ထိုင်းဘတ်ငွေဖြင့် ကျောင်းလခကောက်ခံသည့်စနစ်ကို စတင် ကျင့်သုံးခဲ့သည်။

ထပ်တိုး အင်္ဂလိပ်စာသင်တန်း (၂ ကြိမ်)၊ ကွန်ပြူတာသင်တန်း နှင့် ဆရာ ဆရာမများထံမှ ၆ လစာ Zoom အသုံးပြုခ ကောက်ခံငွေတို့ကို FOEIM ရုံးအဖွဲ့၏ စာရင်းတွင် တွေ့ရသည်။ ထို့အပြင် ယမန်နှစ် နိုဝင်ဘာမှ ယခုနှစ် ဖေဖော်ဝါရီထိ ကျောင်းနှင့်သက်ဆိုင်သည့် ခေါင်းစွပ်အင်္ကျီ၊ တီရှပ်၊ လွယ်အိတ်ရောင်းမှုများမှလည်း ၀င်ငွေများ ရခဲ့သေးသည်ဟုဆိုသည်။

ငွေစာရင်းအားလုံးကို FOEIM အဖွဲ့သားများက အတိအကျ မသိရဘဲ ကိုခန့်သူတစ်ဦးတည်းသာ စီမံခန့်ခွဲသည်ဟု အဖွဲ့ဝင်များက ဆိုသည်။ Funding Week အတွက် တစ်ကြိမ်ကောက်ခံလျှင် ကျပ်သိန်း ၆၀၀ မှ ၈၀၀ အတွင်း ရရှိကြောင်း ကိုခန့်သူက FOEIM အဖွဲ့သားအချို့ကို နှုတ်ဖြင့်ပြောဆိုဖူးသော်လည်း စာရင်းအတိအကျ မြင်တွေ့ဖူးသူ မရှိပေ။

FOEIM ရုံးအဖွဲ့က မှတ်တမ်းတင်ထားသည့် စာရင်းအရ ရရှိငွေများမှာ Funding Week ၇ ကြိမ် အတွက် ပျမ်းမျှ ကျပ်သိန်း ၄၉၀၀ ခန့်၊ ခေါင်းစွပ်အင်္ကျီ၊ တီရှပ်၊ လွယ်အိတ်ရောင်းချမှုမှ သိန်း ၄၂၀ ကျော်၊ အင်္ဂလိပ်စာသင်တန်းမှ သိန်း ၈၄၀၊ ကွန်ပျူတာသင်တန်းမှ ၁၄၂ သိန်း ၅ သောင်းနှင့် FOEIM ဝက်ဘ်ဆိုက်မှ Click ဝင်ငွေ စင်ကာပူဒေါ်လာ တစ်သောင်းခန့်ဟု တွေ့ရသည်။

ထို့အပြင် ကျောင်းသားသစ်များအတွက် ကျောင်းလခ စတင်ကောက်ခံသည့် ယခုနှစ် သြဂုတ်တွင် ထိုင်းဘတ် ၂၀၅ သိန်း ၈ သောင်း၊ နိုဝင်ဘာအတွက် ဘတ် ၁၃၁ သိန်း ၂ သောင်း၊ ထပ်တိုး အင်္ဂလိပ်စာသင်တန်း ဘတ် ၁၄ သိန်း ၄ သောင်းကျော်၊ ဆရာ ဆရာမများထံမှ ၆ လစာ Zoom အသုံးပြုခ ပြန်ကောက်ခံသည့် ကျပ်ငွေ သိန်း ၃၀၀ ရရှိခဲ့ကြောင်း FOEIM ရုံးအဖွဲ့၏ စာရင်းတွင် တွေ့ရသည်။

အထက်ပါစာရင်းများမှာ FOEIM စတင် တည်ထောင်ခဲ့သည့် ယမန်နှစ် ဧပြီမှ ယခုနှစ် နိုဝင်ဘာထိဖြစ်ပြီး ကျပ်သိန်း ၆၃၀၀ ကျော်၊ စင်ကာပူဒေါ်လာ တစ်သောင်းကျော်၊ ထိုင်းဘတ် ၃၅၁ သိန်း ၄ သောင်းကျော် စုစုပေါင်းရရှိသည်ကို တွေ့ရသည်။

ယင်းမှရရှိသည့်ငွေများအနက် အစောပိုင်း Funding Week မှ ရရှိသည့်ငွေများကို ကိုခန့်သူက ၎င်းမိဘများ၏ KBZ Pay အကောင့်များထဲတွင် လက်ခံခဲ့ကြောင်း FOEIM ရုံးအဖွဲ့ဝင်များက ဆိုသည်။ ယင်းအတွက်လည်း တိကျသည့် ငွေစာရင်းရှင်းတမ်း ပြုလုပ်ပေးခဲ့ခြင်းမရှိဟုလည်း ပြောသည်။

ယင်းရရှိငွေများအနက်မှ ယမန်နှစ် ဧပြီမှ ယခုနှစ်ဇွန်လထိ ဆရာ ဆရာမများအတွက် Data Support (အင်တာနက် အသုံးပြုရန်နှင့် လစာ) သိန်း ၂၄၀၀၊ ကျောင်းနှင့်သက်ဆိုင်သည့် ခေါင်းစွပ်အင်္ကျီ၊ တီရှပ်၊ လွယ်အိတ် အရင်းအနှီး ကျပ်သိန်း ၂၀၀၊ ထပ်တိုး အင်္ဂလိပ်စာသင်တန်း ဆရာဆရာမများအတွက် ၇၁ သိန်း ၆ သောင်း၊ ကွန်ပျူတာသင်တန်း ကုန်ကျငွေ သိန်း ၂၀ ကျော်နှင့် Cloud Server အတွက် စင်ကာပူဒေါ်လာ ၅၀၀ ကုန်ကျခဲ့ကြောင်း FOEIM မှတ်တမ်းများတွင် ဖော်ပြထားသည်။

ထို့ပြင် FOEIM ရုံးအဖွဲ့၀င်များသည် ကျောင်းတည်ထောင်ခဲ့သည့် ၂၀၂၁ ဧပြီမှစတင်ပြီး ငွေကြေး လက်ခံရယူခဲ့ခြင်း မရှိဘဲ စေတနာ့၀န်ထမ်းအဖြစ်သာ လုပ်ခဲ့ကြသည်ဟု အဖွဲ့သားများက ပြောသည်။ ယခုနှစ် ဇူလိုင်မှ စတင်ပြီး ရုံးအဖွဲ့ဝင် ၄၀ ကို တစ်ဦးလျှင် တစ်လ ကျပ် ၂ သိန်း စတင်ပေးအပ်ခဲ့သည်ဟု ဆိုသည်။

ထို့အတွက် ယခုနှစ် ဇွန်လမှ နိုဝင်ဘာလထိ ဆရာဆရာမနှင့် ရုံးအဖွဲ့ဝင်များအတွက် သိန်း ၃၁၀၀ ကျော်၊ အမေရိကန် တက္ကသိုလ် တစ်ခုအတွက် သိန်း ၄၅၀၊ ထပ်တိုး အင်္ဂလိပ်စာ သင်တန်းအတွက် ၁၃၈ သိန်း၊ ရုံးအဖွဲ့များ ရွှေ့ပြောင်းရေးအတွက် ထိုင်းဘတ် ၃ သိန်း၊ ဆရာဆရာမများ အရည်အသွေးမြှင့်တင်ရေး မွမ်းမံ သင်တန်းများ အတွက် အသုံးပြုငွေ ကျပ် ၈၈ သိန်း၊ ဇူလိုင်လ ရုံးအဖွဲ့ Data Support အတွက် သိန်း ၈၀ ကျပ်၊ ကျောင်းသားများအတွက် ပရင့်ထုတ် ထိုင်းဘတ် ၃ သိန်း ၈ သောင်းကုန်ကျခဲ့သည်ဟု FOEIM ၏ စာရင်းများအရ တွေ့ရသည်။

ကျောင်းတည်ထောင်စဉ် ၂၀၂၁ ဧပြီမှ ယခုနှစ် နိုဝင်ဘာထိ ကုန်ကျငွေမှာ မှတ်တမ်းများအရ ကျပ်သိန်း ၆၅၇၀ ကျော်၊ ထိုင်းဘတ် ၇ သိန်း၊ စင်္ကာပူဒေါ်လာ ၅၀၀ ကျော်ရှိနေသည်။

ထို့ကြောင့် ရရှိငွေစုစုပေါင်းမှ ကုန်ကျငွေစုစုပေါင်းကို နုတ်လိုက်ပါက ထိုင်းဘတ် ၃၄၄ သိန်းကျော်၊ မြန်မာငွေ ၂၅ သိန်းကျော်နှင့် စင်ကာပူဒေါ်လာ ၉၅၀၀ ကျော်ကျန်ရှိနေရမည်ဖြစ်ကြောင်း FOEIM ရုံးအဖွဲ့က ထောက်ပြသည်။ ထိုင်းဘတ် ၃၄၄ သိန်းမှာ ယနေ့ပေါက်ဈေးအရ မြန်မာကျပ်ငွေ သိန်းပေါင်း ၂၆၈၀၀ (နှစ်သောင်းခြောက်ထောင့်ရှစ်ရာ) ကျော် ရှိသည်။​

တစ်ဖက်တွင်မူ အလယ်တန်း အထွေထွေကုန်ကျစရိတ်အတွက် ကိုခန့်သူက ရုံးအဖွဲ့ထံ ကျပ်သိန်း ၈၀၀ လွှဲပေးထားဖူးပြီး ယင်းအနက်မှ အောက်တိုဘာလအတွက် အလယ်တန်း ကုန်ကျစရိတ်များကို ရှင်းပေးအပြီးတွင် နောက်လာမည့် နိုင်ဝင်ဘာအတွက်လည်း ကျန်ရှိနိုင်သေးသည်ဟု ရုံးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ထို့ပြင် မူလတန်းရုံးအဖွဲ့ထံ အထွေထွေအသုံးစရိတ်အတွက် သိန်း ၇၀၀ မှ ၈၀၀ ဝန်းကျင်ခန့် လွှဲပေးထားမည်ဟု ယူဆရကြောင်း ရုံးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

FOEIM ၏ အလုပ်လုပ်ပုံမှာ ရုံးအဖွဲ့က လစဉ်ကုန်ကျငွေပျမ်းမျှကိုတွက်ပြီး ကိုခန့်သူထံ တင်ပြပါက ကိုခန့်သူက က လိုအပ်သလောက်ကို လွှဲပေးခြင်းဖြစ်ပြီး မည်သည့်အတွက် မည်သူ့ကို လွှဲပေးသည်ကိုလည်း လွှဲပေးခံရသူနှင့် ကိုခန့်သူမှ လွဲ၍ မသိကြဟု ရုံးအဖွဲ့က ဆိုသည်။ 

ယင်းကဲ့သို့ ကိုခန့်သူက လိုအပ်သည့်ပုဂ္ဂိုလ်ကို လိုအပ်သလို ကုန်ကျစရိတ် ပေးပို့နေခြင်းမှာ တော်လှန်ရေးအတွင်း ပေါ်ပေါက်လာပြီးအများပြည်သူ၏ လှူဒါန်းငွေများ၊ ကျောင်းလခများဖြင့် လည်ပတ်နေသည့် အဖွဲ့အစည်းတစ်ခုအနေနဲ့ မသင့်တော်ကြောင်း၊ ရုံးအဖွဲ့အနေဖြင့်လည်း တိတိကျကျ စာရင်းပြုစုရန် အဆင်မပြေကြောင်း FOEIM ၏ကျန်ရုံးအဖွဲ့ဝင်များက ဆိုသည်။ 

အထက်ဖော်ပြပါ ငွေစာရင်း မှတ်တမ်းများမှာလည်း FOEIM ရုံးအဖွဲ့ သိရှိထားသည့် ခန့်မှန်း ရရှိငွေနှင့် အသုံးစရိတ်များသာဖြစ်ပြီး ထိုမှအပ FOEIM နာမည်ဖြင့် ရရှိထားသည့် ငွေများနှင့်ပတ်သက်၍ အခြားသုံးစွဲမှု ရှိမရှိကို ကိုခန့်သူအနေဖြင့် အခြားအဖွဲ့သားများအား အသိပေးခြင်းမရှိခဲ့ပေ။

ထို့အပြင် လှူဒါန်းရာတွင် မည်သည့်အဖွဲ့အစည်းကို မည်မျှလှူဒါန်းခဲ့ပြီး ၎င်း၏ နာမည်ကို အသုံးပြုနေသလား၊ FOEIM နာမည်ကို အသုံးပြုနေသလား ဆိုသည်ကိုလည်း ရုံးအဖွဲ့က မသိရှိကြောင်း FOEIM အဖွဲ့သားများက ဆိုသည်။

သို့ရာတွင် ယမန်နေ့အစောပိုင်းက အမျိုးသားညီညွတ်ရေးအစိုးရထံ FOEIM အဖွဲ့သားများက တိုင်ကြားစာ ပို့ခဲ့ပြီးနောက် ကိုခန့်သူက အရေးပေါ်အစည်းအဝေးအချို့ ခေါ်ယူပြီး ၎င်းအနေနှင့် ယခင်က လှူဒါန်းခဲ့ဖူးသည့်အဖွဲ့များမှ ဦးဆောင်သူအချို့ခေါ်ကာ ရှင်းပြရန် ကြိုးစားခဲ့သည်ဟု သိရသည်။ 

ယင်းကဲ့သို့ ရရှိငွေ၊ ကုန်ကျငွေ စာရင်းများကို ရှင်းလင်းမှု မရှိသေးသော်လည်း တဖက်မှာ ကိုခန့်သူသည်ကိုယ်ပိုင် စီးပွားရေးများ ရုတ်ချည်း တွင်ကျယ်စွာ လုပ်ကိုင်ဆောင်ရွက်လာခြင်းကို တွေ့လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရထံ တိုင်ကြားစာတွင် ရေးသားထားသည်။

ဖောင်ဖောင် Zoom ရောင်းဝယ်ရေးနှင့် FOEIM Zoom စာချုပ်များ

FOEIM စာမျက်နှာတွင် ကိုခန့်သူထုတ်ပြန်ခဲ့သည့် ဇူလိုင် ၁၁ ရက် ရှင်းတမ်းအရ Zoom Premium အတွက် ၆ လစာကုန်ကျစရိတ် သိန်း ၆၄၀ ရှိသည်ဟု တွေ့ရသည်။ သို့သော် FOEIM အဖွဲ့သားများ ရရှိထားသည့် ငွေဖြတ်ပိုင်းအရ စာရင်းတင်ထားသည့် ယခုနှစ် ဇူလိုင်လတွင် ငွေပေးရခြင်း မရှိသေးဘဲ လာမည့် ဒီဇင်ဘာတွင်မှ ပေးသွင်းရမည်ဖြစ်သည် ဟုဆိုသည်။

စာချုပ်အရ စတင်ဝယ်ယူသည့် ယခုနှစ် ဇူလိုင်မှ ဒီဇင်ဘာထိ ၆ လတာ အခမဲ့ အသုံးပြုနိုင်ပြီး ဒီဇင်ဘာမှ စတင်ကာ ၂၀၂၃ ဇွန်လထိ နောက်ထပ် ၆ လအတွက် ပေးသွင်းရမည့် ငွေပမာဏမှာ ဒေါ်လာ ၅၅၂၉ ကျော် ဖြစ်သည်။ လက်ရှိ ပေါက်ဈေး တစ်ဒေါ်လာ ၃၀၀၀ နှင့်တွက်ပါက ကျပ်ငွေ ၁၆၅ သိန်းကျော်ဖြစ်သည်။

ယင်းအတွက်ကြောင့် ဇူလိုင် ၁၁ က ငွေစာရင်းရှင်းတမ်းတွင် ဖော်ပြထားသည့် သိန်း ၆၄၀ ဆိုသည်မှာ အမှန်တကယ် ကျန်ကျသည့် ၁၆၅ သိန်းကျော်နှင့် အလွန်ကွာဟနေသည်ဟု FOEIM ရုံးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

ကိုခန့်သူက Zoom နှင့် စာချုပ်ချုပ်ကာ ဝယ်ယူထားသည့် ၆ လ အခမဲ့အသုံးပြုခွင့်နှင့် နောက်ထပ် ၆ လစာအတွက် အခကြေးငွေပေး ဝယ်ယူထားသည့် Zoom Premium အကောင့်ပေါင်း ၈၀၀ ရှိသည်။

ယင်းအနက် ဆရာ ဆရာမ ၅၀၀ ကျော်နှင့် အခြားသင်တန်းများတွင် သင်ကြားသည့် ဆရာဆရာမ ၅၀ ကျော်အတွက် အသုံးပြုထားသည်မှာ စုစုပေါင်း ၅၅၀ ကျော်ခန့် ရှိကြောင်း FOEIM အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ယင်းအတွက်ကြောင့် ပိုလျှံနေသည့် Zoom Premium အကောင့် ၂၅၀ နီးပါမှာ စာရင်းပျောက်နေသည်ဟု အဖွဲ့ဝင်များက ထောက်ပြကြသည်။

တစ်ဖက်တွင် ကိုခန့်သူ၏ နာမည်တစ်ခုဖြစ်သည့် ဖောင်ဖောင်ဟူသည့် နာမည်ဖြင့် Zoom Premium ရောင်းဝယ်ရေး လုပ်နေသည်ကိုလည်း တွေ့ရသည်။ ၎င်း၏နာမည်ဖြင့် Zoom Premium ရောင်းဝယ်ရေးတွင် တစ်လ၊ ၆ လနှင့် တစ်နှစ်ဟူ၍ အမျိုးအစားအသီးသီးခွဲပြီး ရောင်းချနေသည်ကို တွေ့ရသည်။

ကျောင်းသားမိဘများထံမှ ရရှိသည့်ငွေဖြင့် ဝယ်ယူထားသည့် Zoom Premium အကောင့်များနှင့် ၎င်းကိုယ်ပိုင် Zoom Premium ရောင်းဝယ်ရေးအကောင့်များမှာ မည်သို့ ဆက်စပ်နေသည်ကို FOEIM အဖွဲ့သားများက ရှင်းရှင်းလင်းလင်း မသိရပေ။

ကိုခန့်သူက “Zoom ရောင်းရတဲ့ငွေတွေက PDF တွေဆီ သွားပါတယ်။ လုံခြုံရေးအရသာ မတင်တာပါဟု ဖေ့စ်ဘွတ်မက်ဆင်ဂျာမှတစ်ဆင့် ပြောသည်။ ဒါ့အပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းများနှင့် ပတ်သက်၍ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ စီးပွါးရေးတွေက ကျနော့် ရည်းစားနဲ့ အတူလုပ်တာဖြစ်ပါတယ်။ ကျနော့် ရည်းစားကလည်း ပြည်တွင်းက လုပ်ငန်းရှင်တဦးပဲဖြစ်ပါတယ်ဟု ဆိုသည်။

ကိုခန့်သူ လူယုံ၏ မြန်မာနိုင်ငံက ကုမ္ပဏီအသစ်

စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနတွင် ပြီးခဲ့သည့် အောက်တိုဘာ ၃၁ က လောလောလတ်လတ် မှတ်ပုံတင်ထားသည့် Vitaday Myanmar ကုမ္ပဏီ၏ ဒါရိုက်တာမှာ ယခင်က ကိုခန့်သူ၏အတွင်းရေးမှူး ကိုခိုင်လင်းထွန်းဖြစ်ကြောင်း FOEIM က သိရှိထားသည့် မှတ်တမ်းများအရ သိရသည်။ 

ထို့အပြင် ကိုခန့်သူ၏ ဖေ့စ်ဘွတ်စာမျက်နှာတွင်လည်း Vitaday Myanmar ၏ ထုတ်ကုန်တစ်ခုကို ကြော်ငြာပေးထားသည်ကို တွေ့ရသည်။

သူ (ကိုခိုင်လင်းထွန်း) က FOEIM မှာလည်း ပါဝင်လုပ်ကိုင်ခဲ့ဖူးပါတယ်။ ခန့်သူရဲ့ အတွင်းရေးမှူး အနေနဲ့ပါဝင်ခဲ့တာဖြစ်ပြီး အခုလောလောဆယ်မှာ မြန်မာနိုင်ငံမှာ ခန့်သူက ကုမ္ပဏီတစ်ခုကို ခိုင်လင်းထွန်း အမည်အောက်မှာ မှတ်ပုံတင်ထားပါတယ်ဟု FOEIM အဖွဲ့ဝင်တစ်ဦးက ဆိုသည်။

အဖွဲ့ဝင်များ၏ ပြောကြားချက်အရ ကိုခိုင်လင်းထွန်းမှာ ယမန်နှစ် စက်တင်ဘာက လုပ်ငန်းတစ်ခုတွင် ပါဝင်လာခဲ့ပြီး FOEIM တွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့သည်ဟု ဆိုသည်။ ထိုနောက် ကိုခန့်သူနှင့် ရင်းနှီးခဲ့ကြောင်း အဖွဲ့ဝင်များက သိရှိထားသည်။

ခိုင်လင်းထွန်းအနေနဲ့ FOEIM နဲ့ ဆက်စပ်ပြီး ထွေထွေထူးထူး တာဝန်ယူတာမျိုးမရှိပေမဲ့ ခန့်သူက သူ့ရဲ့ အတွင်းရေးမှူး အနေနဲ့ ဆက်လက်ခေါ်ယူထားခဲ့ပါတယ်။ အဲ့ဒီကနေစပြီး တောက်လျှောက် ပါဝင်ခဲ့တာဖြစ်ပါတယ်ဟု FOEIM ရုံးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။

စစ်ကောင်စီ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ မှတ်တမ်းအရ ကိုခိုင်လင်းထွန်းနာမည်ဖြင့် မှတ်ပုံတင်ထားသည့် Vitaday Myanmar မှာ FOEIM, ကိုခန့်သူတို့နှင့် မည်သို့ ဆက်စပ်မှု ရှိပါသလဲဟု မေးမြန်းရာလုံခြုံရေးအရ မဖြေလိုပါဘူးဟု နိုဝင်ဘာ ၉ တွင် ဖေ့စ်ဘွတ်မက်ဆင်ဂျာမှတစ်ဆင့် ကိုခန့်သူက ပြန်လည်ဖြေကြားခဲ့သည်။

စစ်ကောင်စီအား တော်လှန် သပိတ်မှောက်သည့် ကြားကာလပညာရေးအဖွဲ့အစည်း တစ်ခုကို ဦးဆောင်နေသည့် လူတစ်ဦးအနေဖြင့် စစ်ကောင်စီ လက်အောက်တွင် မှတ်ပုံတင်ကာ အခွန်ဆောင်ပြီး စီးပွားရေး လုပ်ရန်စီစဉ်နေသည်မှာ မဖြစ်သင့်ဟု ယူဆကြောင်း NUG သို့ တိုင်ကြားစာတွင် FOEIM ရုံးအဖွဲ့က ထည့်သွင်းရေးသားထားသည်။ 

ကိုခန့်သူတွင်ဖောင်ဖောင်ဟူသည့်နာမည်နှင့် အွန်လိုင်းစီးပွားရေးလုပ်ငန်းရှိသလို Myat Thar Currency Exchange, Rabbit Education Service, USA Store By KT နှင့် KST Currency Exchange စသည့် ငွေလွှဲနှင့် ပညာရေးဝန်ဆောင်မှု လုပ်ငန်းများလည်း ရှိသည်။ 

NUG အောက်က မဟုတ်သည့် သီးခြား FOEIM

ယခုနှစ် အစောပိုင်း ဧပြီလက FOEIM ၏ တစ်နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားကို ကိုခန့်သူ အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးအချို့နှင့် တော်လှန်ရေး အနုပညာရှင်အချို့ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။ သို့သော် FOEIM မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနအောက်တွင် မှတ်ပုံတင်ထားသည့် အဖွဲ့အစည်းမဟုတ်ပေ။

ကိုခန့်သူက FOEIM သည် “NUG-MoE ရဲ့ လက်အောက်ခံကျောင်းအနေနဲ့ သွားတာမဟုတ်ဘဲ Partnership Policy နဲ့သွားတာဟု ပြန်လည်ဖြေကြားသည်။ NUG - MoE ဆိုသည်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ပညာရေးဝန်ကြီးဌာနကို ဆိုလိုသည်။

ထို့ပြင် FOEIM ၏ ရငွေများမှာ သိန်း သောင်းချီရှိသည့်အတွက် ပြင်ပမှ တတိယအဖွဲ့အစည်း သို့မဟုတ် ယုံကြည်ရသည့်အဖွဲ့က စာရင်းစစ်ခြင်းမျိုး ရှိပါသလားဟု မေးမြန်းရာကျွန်တော်တို့က MoE ရဲ့ Policy (၁၁) ချက်အောက်မှာ သွားတာမဟုတ်ဘဲ သီးသန့်သွားတာဖြစ်တဲ့အတွက် MoE ကတော့ ဝင်စစ်ခြင်းမရှိပါဘူးဟု ကိုခန့်သူက ဖြေကြားသည်။

NUG ဒု အတွင်းဝန် ကိုချမ်းငြိမ်းအောင်နှင့် ကိုခန့်သူ

FOEIM ကတိုက်ရိုက်ဆက်ဆံရတာသည် ပညာရေးဝန်ကြီးဌာနပဲဖြစ်ပါတယ်။ ဒါကိုလည်း ကျောင်းသား၊ မိဘ၊ ဆရာ စတဲ့ တိုက်ရိုက်ထိတွေ့တဲ့သူ အားလုံးသိပြီးဖြစ်ပါတယ်။ ဝန်ကြီးဌာနကလည်း ကျနော်တို့ ဘာတွေ ဘယ်လိုလုပ်နေလဲဆိုတာ အသိဆုံးပါဟု ကိုခန့်သူက ဖေ့စ်ဘွတ် မက်ဆင်ဂျာမှတစ်ဆင့် ပြန်လည်ဖြေကြားသည်။

ကိုခန့်သူ၏ ငွေစာရင်းအရှုပ်အထွေးများအကြောင်းကို ရုံးအဖွဲ့ဝင်များက တရားဝင် မတိုင်ကြားမီ NUG ၏ တာဝန်ရှိသူတစ်ချို့က ကနဦး မေးမြန်းချက်များပြုလုပ်ခဲ့ရာ ယင်းအကြောင်းကို ကိုခန့်သူက ကြိုတင် သိနေခဲ့ကြောင်း ရုံးအဖွဲ့ဝင်များက ဆိုသည်။

ဖြစ်စဉ်မှာ NUG တာဝန်ရှိသူတစ်ဦးက NUG အတွင်းဝန်များရှိရာ Signal Group တွင် FOEIM အကြောင်းကို သွားရောက်မေးမြန်းခဲ့သည်။ ယင်းမေးမြန်းသည့် Screenshot ကို စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဌာန ဒု အတွင်းဝန် ကိုချမ်းငြိမ်းအောင်က ကိုခန့်သူထံ သတင်းပေးပြသခဲ့ခြင်းဖြစ်ကြောင်း ရုံးအဖွဲ့ဝင်များက ဆိုသည်။

ထို့ကြောင့် FOEIM ၏ ငွေစာရင်းမှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရထံ တိုင်ကြားသည့်အချိန်တွင်လည်း ၎င်းတို့၏ တိုင်ကြားစာမှာ ကိုခန့်သူထံ တစ်နည်းတစ်ဖုံဖြင့် ရောက်သွားမည်ကို FOEIM ရုံးအဖွဲ့များက စိုးရိမ်နေကြသည်။

ရုံးအဖွဲ့၏ တောင်းဆိုချက်ကို မသိကျိုးကျွန်ပြုခဲ့ ဟုဆို

ယခုနှစ်အစောပိုင်း ဇွန်လ ၂၇ တွင် ရုံးအဖွဲ့ဝင် ၇ ဦးက ငွေစာရင်းရှင်းတမ်းအပါအဝင် ကိုခန့်သူ၏ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းများမှာ FOEIM အပေါ်သက်ရောက်နိုင်မှု တို့ကို ဆွေးနွေးပေးရန် အစည်းအဝေး ခေါ်ခဲ့ဖူးကြောင်း ယင်းအစည်းအဝေး စီစဉ်ခဲ့သူများက ပြောသည်။

အဲ့ဒီလို အကြောင်းပြချက်နဲ့ ရုံးအဖွဲ့ကနေ အစည်းအဝေးခေါ်တဲ့ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ခန့်သူ ဘက်ကနေ အစည်းအဝေး မလာခဲ့ပါဘူး။ အစည်းအဝေး မလာတဲ့အပြင် နှစ်ရက်ခန့် ရုံးအဖွဲ့မှ ပေးပို့တဲ့ စာတွေကို အချိန်အတန်ကြာမှ စာပြန်ခြင်း ဖုန်းဆက်ရင် မကိုင်ခြင်း အစရှိတာတွေကိုလည်း လုပ်ခဲ့ပါတယ်ဟု ယင်းအစည်းအဝေးကို ခေါ်ယူခဲ့စဉ် ရှိခဲ့သူ တစ်ဦးက ဆိုသည်။

လက်ရှိတွင်ကျန်ရှိရမည့်ငွေကြေးပမာဏ အကြမ်းဖျင်း စုစုပေါင်း  ထိုင်းဘတ် ၃၄၄ သိန်းကျော်၊ မြန်မာငွေ ၂၅ သိန်းကျော်နှင့် စင်ကာပူဒေါ်လာ ၉၅၀၀ ကျော် ရှိရမည် ဖြစ်ပါလျက် အလှူငွေမလုံလောက်တဲ့အတွက် FOEIM ကို ပိတ်ပစ်ရတော့မယ်ဟု ကိုခန့်သူမှ ပြောဆိုလာခဲ့တယ်ဟု FOEIM အဖွဲ့၀င်များက ပြောကြားသည်။ 

ငွေစာရင်းရှင်းတမ်း မလုပ်ခဲ့ဖူးသော်လည်း ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာနှင့် အခြား အွန်လိုင်းစီးပွားရေး လုပ်ငန်းများကိုမူ တစတစနှင့် ပေါ်ပေါ်တင်တင် အရှိန်မြှင့်လာခဲ့သည်ဟု တိုင်ကြားစာတွင် ဖတ်ရှုရသည်။

ယင်းအနက် တော်လှန်ရေးစာသင်ကျောင်းကို ဦးဆောင်လုပ်နေသူက စစ်ကောင်စီအောက်တွင် မှတ်ပုံတင်ထားသည့် Vitaday Myanmar ဟူသည့်ကုမ္ပဏီကို ကြော်ငြာပေးနေသည့် ဖြစ်ရပ်မျိုးကိုလည်း FOEIM ရုံးအဖွဲ့က ထောက်ပြကြသည်။

အဖွဲ့ဝင် တစ်ဦးကခန့်သူ ငွေကြေးအလွဲသုံးစားလုပ်နေတာကို FOEIM ရုံးအဖွဲ့တွေကသိရဲ့သားနဲ့ ဘာမှအရေးမယူခဲ့ဘူး ဆိုတာမျိုး မဖြစ်ချင်တာကြောင့်ယခုကဲ့သို့ ပြည်သူများကို ထုတ်ဖော်ပြောဆိုရခြင်း ဖြစ်သည်ဟု ဆိုသည်။ 

“FOEIM ရဲ့လက်ရှိ ပုံစံ အတိုင်းသွားတာက ကျောင်းသားနဲ့ ရုံးအဖွဲ့ စီမံခန့်ခွဲမှုပုံစံ က ပြောင်းစရာမလိုဘဲ စနစ်တကျဖြစ်နေတယ်လို့မြင်ပါတယ်ဟု အဖွဲ့ဝင်တစ်ဦးကဆိုသည်။

FOEIM ၏ အနာဂါတ်နှင့် ပတ်သက်၍မူငွေကြေးနဲ့ပတ်သက်တာတွေကို တကယ်ထိထိရောက်ရောက် အသုံးချနိုင်ဖို့၊ မြေပြင် ပညာရေးမှာလဲ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့၊ ဘဏ္ဍာရေးအဖွဲ့ ထားရှိဖို့၊ စစ်ဆေးရေး ဘုတ်အဖွဲ့တွေရှိဖို့၊ တစ်ဦးတစ်ယောက်က ချုပ်ကိုင်တာမျိုးတွေမရှိဖို့ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုရခြင်းဖြစ်ကြောင်း FOEIM ၏ တာ၀န်ခံတစ်ဦးက ဆိုသည်။

◼︎

ဒုတိယပိုင်း ကို ဆက်လက်ဖတ်ရှုပါ။ (အနီရောင် စာသားနေရာကို နှိပ်၍ ဖတ်နိုင်သည်) 

You can treat me a cup of coffee.

wave

Press ESC to close