NUG စုံစမ်းရေး၊ ကိုခန့်သူနှင့် ထိုင်းဘတ် သိန်းရာချီ ပျောက်ဆုံးမှု

ဤဆောင်းပါးကို ယခုမှ စတင်ဖတ်မည့် စာဖတ်သူများအနေနှင့် ယခင်က ဖော်ပြခဲ့ပြီးဖြစ်သည့် ‘FOEIM တည်ထောင်သူနှင့် ငွေစာရင်းရှင်းတမ်း ဆောင်းပါးကို အရင်ဆုံး ဖတ်ရန်လိုမည်ဖြစ်သည်။ (အနီရောင် စာသားနေရာကို နှိပ်၍ ဖတ်နိုင်သည်) 

ယခင်ဆောင်းပါး ဖော်ပြခဲ့ပြီးနောက် FOEIM တည်ထောင်သူ ကိုခန့်သူ၏ ငွေကြေး အရှုပ်အထွေးများနှင့် ပတ်သက်၍ ရုံးအဖွဲ့၏ တိုင်ကြားမှုကို စစ်ဆေးနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန (NUG-MoE) ၏ ဦးဆောင်မှုဖြင့် ကြားနာစုံစမ်းရေးအဖွဲ့ကို ယမန်နှစ် နိုဝင်ဘာ ၂၁ တွင် ဖွဲ့စည်းခဲ့သည်။ 

စုံစမ်းရေး အဖွဲ့တွင်အမျိုးသားစီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ တာဝန်ရှိသူများပါဝင်သည်ဟု ယမန်နှစ် ဒီဇင်ဘာ ၁၇ ပညာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် တွေ့ရသည်။ 

နှစ်ဖက်သီးခြားတွေ့ဆုံမှု၊ နှစ်ဖက်မျက်နှာစုံညီ တွေ့ဆုံမှု၊ သင်ကြားရေး ဆရာများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံမှုပေါင်း ၁၂ ကြိမ် တွေ့ဆုံ၍ တက်ရောက်လာသူများ၏ အသံကို ကြားနာပြီး စုံစမ်းခဲ့သည် ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် FOEIM တည်ထောင်သူ၏ ငွေကြေး အရှုပ်အထွေးများနှင့် ပတ်သက်၍ တစ်လနီးပါးကြာ အချိန်ယူခဲ့သော်လည်း အမျိုးသားညီညွတ်ရေး အစိုးရ၏ ကြားနာစုံစမ်းရေးက ဖြေရှင်းပေးနိုင်ခဲ့ခြင်း မရှိပေ။

အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်၏ ပညာရေးစနစ်ကို ဆန့်ကျင်သည့် ကျောင်းသားမိဘများ၊ ပြည်သူများကတော်လှန်ရေးအတွက်ဟု ကြွေးကြော်ထားသည့် FOEIM တည်ထောင်သူ၏ အွန်လိုင်းကျောင်းတွင် ၎င်းတို့၏ ကလေးများကို အပ်နှံကာ အလှူငွေများ၊ ကျောင်းလခများကို ယုံယုံကြည်ကြည် ပေးခဲ့ကြသည်။ 

ယင်းငွေများအနက် အချို့ကို ကျောင်း၌ စာသင်ပေးနေသည့် CDM ဆရာ ဆရာမများ၊ ရုံးလုပ်ငန်း ကူညီပေးနေသူများနှင့် စစ်ဘေးရှောင်အချို့ ရရှိခဲ့သော်လည်း အများစုကို တည်ထောင်သူ ကိုခန့်သူ တစ်ဦးတည်းက စီမံခန့်ခွဲခဲ့ခြင်းဖြစ်သည်။ နောက်ဆုံး NUG ရှေ့မှောက် ကိုခန့်သူကိုယ်တိုင် ရှင်းလင်းခဲ့သည့် စာရင်းများအရ ထိုင်းဘတ် သိန်းချီနှင့် မြန်မာငွေ သိန်းရာချီမှာ သက်သေအထောက်အထား တိတိကျကျ မရှိဘဲ ကိုခန့်သူ ရေးပြသည့် စာရွက်ပေါ်မှ ကိန်းဂဏန်းများသာ ရှိတော့သည်။ 

ယင်း စာရင်းဇယား မှတ်တမ်း မရှိသည့် ကျပ်သိန်းသောင်းချီမှာ ကျောင်းသားမိဘများ၏ ချွေးနှဲစာများဖြစ်သည်။ NUG ပညာရေးဝန်ကြီးဌာန၏ ကြားနာစစ်ဆေးမှုအောက်နှင့်တော်လှန်ရေးအတွက်ဟု အမည်တပ်ထားသည့် ကိုခန့်သူ၏ တစ်ကိုယ်တော် စီမံခန့်ခွဲမှုအောက်တွင် လိပ်ခဲတည်းလည်း ရှုပ်ထွေးမှုကြီး ဖြစ်နေသည်။ 

FOEIM ရုံးအဖွဲ့က ဘာတွေ တောင်းဆိုသလဲ

NUG မှ ကိုယ်စားလှယ်အချို့နှင့် FOEIM ရုံးအဖွဲ့တို့ နိုဝင်ဘာ ၁၃ က ပထမဆုံး ZOOM ဖြင့် တွေ့ဆုံမှုတွင် ကိုခန့်သူ မပါဝင်ခဲ့ပေ။ လိုလားချက်များနှင့် FOEIM အတွင်းဖြစ်ပျက်နေသည့် ကိုခန့်သူ၏ ငွေကြေးအရှုပ်အထွေးများကို ရုံးအဖွဲ့ဝင်များက ရှင်းလင်းပြောပြခဲ့သည်။ ယင်းနေ့တွင် ကြားနာစုံစမ်းရေးအဖွဲ့ မဖွဲ့ရသေးဘဲ NUG မှ တာဝန်ရှိသူ ၁၃ ဦးပါဝင်ခဲ့သည်။ ဆက်လက်၍ NUG တာဝန်ရှိသူများက ခန့်သူနှင့် တွေ့ဆုံခဲ့ကြောင်း ရုံးအဖွဲ့က နောက်ပိုင်းတွင် သိရှိခဲ့သည်။  

ထို့နောက် NUG ၏ ကြားနာစုံစမ်းရေးအဖွဲ့ ဖွဲ့ခဲ့ရာတွင် အများစုမှာ ဒေါက်တာဇော်ဝေစိုး၏ ပညာရေးဝန်ကြီးဌာနမှ အများဆုံးပါဝင်သည်။ ပညာရေးဝန်ကြီးဌာနမှ မူဝါဒရေးရာ တာဝန်ခံဟုဆိုသူ ဒေါက်တာအောင်အောင်မင်းက ဦးဆောင်သူဖြစ်ပြီး ဦးမျိုးသန့်၊ ဦးအောင်မင်း၊ ကျန် အမျိုးသမီး ၃ ဦးနှင့် အမျိုးသားတစ်ဦးတို့ ပါဝင်ခဲ့သည်။ 

နိုဝင်ဘာ ၂၃ ကြားနာစုံစမ်းရေးအဖွဲ့နှင့် ပထမအကြိမ်တွေ့ဆုံမှုတွင် ရုံးအဖွဲ့က ZOOM မှတစ်ဆင့် Screen Sharing လုပ်၍ ကိုခန့်သူ၏ ငွေကြေးပြဿနာများကို သက်သေမှတ်တမ်း စာရင်းဇယား အပြည့်အစုံဖြင့် ရှင်းပြခဲ့သည်။  

ယင်း တွေ့ဆုံမှုတွင်ခန့်သူဘက်က ငွေစာရင်းမရှင်းလည်းဘဲ သင်ကြားရေးကို ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေစေဖို့ တိုက်တွန်းချင်တယ်ပေါ့၊ ဆရာ ဦးအောင်မင်း က ပြောတာဟု တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် FOEIM ရုံးအဖွဲ့ဝင်ဟောင်းတစ်ဦးက ဆိုသည်။ 

ဦးအောင်မင်းဆိုသည်မှာ NUG တာဝန်ရှိသူများနှင့် တွေ့ဆုံမိတ်ဆက်စဉ်က မပါဝင်ခဲ့ဘဲ ကြားနာစုံစမ်းရေးအဖွဲ့တွင် ပါဝင်လာသူဖြစ်သည်။ မည်သည့်ဝန်ကြီးဌာနတွင် မည်သည့် တာဝန်ယူထားသူမှန်း ရုံးအဖွဲ့က မသိရပေ။ 

ဦးအောင်မင်း၏ ပြောကြားချက်အပေါ် ရုံးအဖွဲ့ကသင်ကြားရေး အဆက်မပြတ်ရန် အရေးကြီးသလို ငွေစာရင်းရှင်းတမ်းမှာလည်း ထပ်တူထပ်မျှ အရေးကြီးကြောင်း တုံ့ပြန်ခဲ့သည်ဟု ဆိုသည်။ ထို့နောက်တော်လှန်ရေးကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာသူများကို ခွင့်လွှတ်မည် မဟုတ်ကြောင်းဦးအောင်မင်းက ပြန်ပြောခဲ့သည်ဟု ရုံးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

ထို့နောက် ကိုခန့်သူ၏ ငွေကြေးအရှုပ်အထွေးများနှင့် ပတ်သက်၍ ပြုစုထားသည့် စာရင်းရှင်းတမ်းကို မြန်မာအချိန် နိုဝင်ဘာ ၂၈ တွင် ရုံးအဖွဲ့က ကြားနာစုံစမ်းရေးအဖွဲ့ထံ အီးမေးဖြင့် ပေးပို့ခဲ့သည်။ ပေးပို့ခဲ့သည့် စာရင်းရှင်းတမ်းမှာ ၂၀၂၂ ဇွန်လမှ နိုဝင်ဘာထိ စာရင်းသာ ဖြစ်သည်။ FOEIM တည်ထောင်စဉ် ၂၀၂၁ ဧပြီမှ ၂၀၂၂ မေလထိ ရရှိခဲ့သည့် ကျောင်းသားမိဘများနှင့် ပြည်သူများက ထည့်ဝင်ခဲ့ကြသည့် အလှူငွေများ၊ အမှတ်တရ ပစ္စည်းရောင်းချရာမှ ရရှိငွေများနှင့် ဝက်ဘ်ဆိုက်မှ ရရှိငွေများ မပါဝင်ပေ။ 

ငွေစာရင်းပြုစုတဲ့အခါ သက်သေနဲ့ပေါ့၊ ၂၀၂၁ တုန်းကဆို ခန့်သူဆီကိုပဲ ငွေက တိုက်ရိုက်ဝင်တာ၊ ဘယ်လောက် ဝင်ခဲ့တယ်ဆိုတာ မသိရဘူး။ အဲ့ဒီအတွက် ရုံးအဖွဲ့က ခန့်မှန်းစာရင်းပဲ ရှိတယ်။ ဒီနှစ် (၂၀၂၂) မှာကျတော့ FOEIM Page မှာလည်း တင်တယ်၊ ကျောင်းသားတွေရဲ့ ငွေလွှဲထားပြီးသား စာရင်းလည်း ရုံးအဖွဲ့မှာ ရှိတယ်၊ ပြေစာတွေလည်းရှိတော့ ဒီသက်သေနဲ့ ပြလို့ရတာတွေကိုပဲ အရင်ရှင်းဖို့ ဖြစ်လာတာပါဟု ရုံးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

၂၀၂၁ ဇွန်မှ ၂၀၂၂ မေလထိ ကိုခန့်သူ တစ်ဦးတည်း ထိန်းချုပ်စီမံသည့် ငွေစာရင်းများ မပါဝင်သေးဘဲ ၂၀၂၂ ဇွန်လမှ နိုဝင်ဘာထိ စာရင်းရှင်းတမ်းတွင်ပင် ငွေကြေးကွာဟချက် ကြီးကြီးမားမား ရှိနေသည်။ 

ရုံးအဖွဲ့က စုံစမ်းရေးအဖွဲ့ထံ တင်ပြချက်

ရုံးအဖွဲ့က တင်ပြချက်အရ ၂၀၂၂ ဇွန်လမှ နိုဝင်ဘာလအတွင်း ဝင်ငွေ စုစုပေါင်းမှာ ထိုင်းဘတ် ၄၆၂ သိန်းကျော်နှင့်အတူ မြန်မာငွေ ၃၂၆ သိန်းကျော် ရှိနေရမည် ဖြစ်သည်။ ယင်း ရရှိငွေအနက်မှ ရုံးအဖွဲ့က သိရှိပြီး တွက်ချက်ထားသည့် ကုန်ကျငွေစုစုပေါင်း ထိုင်းဘတ် ၈၁ သိန်းကျော်ရှိသည်။ 

၂၀၂၂ ဇွန်လမှ နိုဝင်ဘာလအတွင်း ကုန်ကျငွေ ထိုင်းဘတ် ၈၁ သိန်းကျော်တွင် ဆရာ၊ ဆရာမများနှင့် ရုံးအဖွဲ့ဝင်များအတွက် Data Support, ဆရာ ဆရာမများ၏ ဒီပလိုမာသင်တန်းများအတွက် ကုန်ကျစရိတ်၊ သင်ကြားရေးသင်တန်းများအတွက် Data Support, ရုံးခန်းငှားရမ်းစရိတ်၊ ထိုင်းနိုင်ငံရောက် ရုံးအဖွဲ့ဝင်များ၏ နေထိုင်စရိတ်၊ ZOOM အကောင့်များအတွက် ကုန်ကျစရိတ်၊ နယ်စပ်ရှိ စစ်ဘေးရှောင်များအတွက် အလှူငွေကုန်ကျစရိတ်၊ နည်းပညာဆိုင်ရာအတွက် ကုန်ကျစရိတ်တို့ ပါဝင်ပြီးဖြစ်သည်။  

ရုံးအဖွဲ့၏ မှတ်တမ်းများအရ ဝင်ငွေအနက်မှ ကုန်ကျငွေကို နုတ်လိုက်ပါက ထိုင်းဘတ် ၃၈၁ သိန်းကျော်နှင့် မြန်မာငွေ ကျပ် ၃၂၆ သိန်းကျော်ကိုခန့်သူထံတွင် ရှိနေရမည်ဖြစ်သည်။ ထိုငွေစာရင်းမှာ ရုံးအဖွဲ့က ကြားနာစုံစမ်းရေးအဖွဲ့ထံ တင်ပြချက်ဖြစ်သည်။ 

ယင်းလက်ကျန်ငွေကို FOEIM ဆက်လက်လည်ပတ်နိုင်ရန်နှင့်နှင့် အနာဂါတ် ပညာသင်ကြားရေး ကုန်ကျစရိတ်များ အတွက် ပြန်လည်အပ်နှံရန် ကိုခန့်သူအနေဖြင့် ငွေဖြတ်ပိုင်းများဖြင့် ရှင်းလင်းတင်ပြရန် ရုံးအဖွဲ့က ကြားနာစုံစမ်းရေးအဖွဲ့ထံ တောင်းဆိုခဲ့သည်။

သို့သော် ကိုခန့်သူက NUG ၏ ကြားနာစုံစမ်းရေးအဖွဲ့ရှေ့မှောက် ပြန်ရှင်းလင်းခဲ့ရာတွင် ၎င်း၏ လက်ထဲ၌ ထိုင်းဘတ် ၁၉ သိန်း ၈ သောင်းကျော်နှင့် မြန်မာငွေ ကျပ်သိန်း ၂၉၀၀ ကျော်သာ ကျန်တော့သည် ဟုဆိုသည်။ 

သိန်း ၂၉၀၀ ကျော်ကိုမြန်မာနိုင်ငံကလူတချို့ထံ အပ်ထားတယ်ဆိုတာတော့ သိထားတဲ့ ရုံးအဖွဲ့တချို့ရှိတယ်။ ဘယ်သူတွေဆီ အပ်ထားမှန်းတော့ မသိရပါဘူး။ ပြီးတော့ သိန်း ၂၉၀၀ ကျော် လက်ခံရရှိထားတယ် ဆိုသူတွေက ရုံးအဖွဲ့ဝင်တွေလည်း မဟုတ်ဘူး၊ FOEIM နဲ့လည်း မသက်ဆိုင်ကြပါဘူး။ ခန့်သူနဲ့သိကျွမ်းတဲ့ လူတွေဆီမှာ အပ်ထားတယ်လို့ပဲ သိရတယ်ဟု ရုံးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

ယင်းမြန်မာငွေကို လက်ရှိငွေလဲနှုန်း ၈၁ ကျပ်ဖြင့်တွက်ပါက ထိုင်းဘတ် ၃၆ သိန်း တစ်သောင်းကျော်ရှိပြီး စုစုပေါင်းအနေဖြင့် ထိုင်းဘတ်ငွေ ၅၅ သိန်း ၈ သောင်းကျော်သာ ရှိတော့သည်။ 

ရုံးအဖွဲ့က တင်ပြထားသည့် ကျန်ရှိနေရမည့် စုစုပေါင်းငွေမှာ ထိုင်းဘတ် ၃၈၁ သိန်းကျော်ဖြစ်သည့်အတွက် ထိုင်းဘတ် ၃၂၅ သိန်းကျော် ကွာဟနေသည်ကို တွေ့ရသည်။ ယင်းအနက် မြန်မာငွေ ၃၂၆ သိန်းကျော် မပါသေးပေ။ ကွာဟနေသည့် ငွေများအနက်အချို့အတွက် ကိုခန့်သူက အကြောင်းပြချက် နှစ်ခုကို ကြားနာရေးအဖွဲ့ထံ ထည့်သွင်းတင်ပြလာခဲ့သည်။ 

ကိုခန့်သူ၏ အကြောင်းပြချက် (၁) 
ဘတ် ၆၁ သိန်းနှင့် ထိုင်းလူမျိုး၏ ဘဏ်စာရင်း

ကိုခန့်သူက ပြန်လည်ရှင်းလင်းခဲ့ရာတွင် FOEIM နာမည်ဖြင့် ၎င်းလက်ခံရရှိသည့်ငွေများအနက် အချို့ကို ထိုင်းလူမျိုးတစ်ဦး၏ ထိုင်းဘဏ်စာရင်းတွင် ထည့်သွင်းခဲ့သည့်ဟု ကြားနာစုံစမ်းရေးအဖွဲ့ရှေ့မှောက် တင်ပြခဲ့သည်။ 

သို့သော် ငွေပမာဏ အလွန်များလာသည့်အတွက် ထိုထိုင်းလူမျိုးထံ ဘဏ်က အကြောင်းကြားစာ ပေးပို့လာခဲ့သည် ဟုဆိုပြီး ၎င်းအနေနှင့် ကိုခန့်သူ၏ ငွေများကို ဘဏ်စာရင်းတွင် ဆက်လက် မထားနိုင်တော့ကြောင်း ပြောဆိုလာခဲ့သည်ဟု ကိုခန့်သူက ကြားနာစုံစမ်းရေးအဖွဲ့ထံ ဒီဇင်ဘာ ၂ က ထွက်ဆိုခဲ့သည်။ 

ကိုခန့်သူပြောကြားချက်အရ ဘတ်သိန်း ၆၀ ကို ထိုထိုင်းလူမျိုးက မလွှဲပေးသည့်အတွက် ထိုငွေများ ပြန်ရရန် ရှေ့နေငှား၍ လုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။ ရှေ့နေငှားခမှာ ဘတ် တစ်သိန်း ဖြစ်၍ စုစုပေါင်း ၆၁ သိန်းမှာ စာရင်းပျောက်နေခြင်းဖြစ်ပြီး ကိုခန့်သူက ယင်းငွေကို ကုန်ကျငွေတစ်ခုအဖြစ် ၎င်း၏ရှင်းတမ်းတွင် ထည့်ထားသည်။ 

သို့သော် ကိုခန့်သူက ကြားနာစုံစမ်းရေး အဖွဲ့ထံ တင်ပြလာသည့် မှတ်တမ်းတွင် ဘဏ်က အမှန်တကယ် ကန့်သတ်ခံရသည့်အကြောင်းကို သက်သေပူးတွဲ တင်ပြနိုင်ခြင်းမရှိဘဲ အဆိုပါ ဘဏ်စာရင်းပိုင်ရှင်ထံ ရှေ့နေမှ တစ်ဆင့်ငွေတောင်းခံထားသည့်စာကိုသာ ဖော်ပြထားသည်ဟု ရုံးအဖွဲ့က ပြန်လည် ထောက်ပြခဲ့သည်။ 

ကိုခန့်သူ တင်ပြလာသည့် ထိုငွေတောင်းခံလွှာမှာ ထိုင်းဘာသာစကားဖြင့်ရေးသားထားပြီး ရက်စွဲ၊ ရှေ့နေလက်မှတ်၊ ရုံးတံဆိပ်များ မပါဝင်ဟုလည်း ရုံးအဖွဲ့က ဆိုသည်။ 

ထို့ပြင် ထိုင်းလူမျိုးနှင့် ကိုခန့်သူ၏ ဆက်နွယ်မှုမှာ ပွင့်လင်းမြင်သာမှုမရှိဘဲခန့်သူ၏ ငွေကြေးကိုင်တွယ်မှု ပေါ့လျော့မှုများကြောင့် ဖြစ်ပေါ်ခဲ့ရသည့်အတွက်ထိုင်းဘတ် ၆၁ သိန်းကို FOEIM နှင့် စပ်ဆိုင်သော ကုန်ကျငွေစာရင်းအဖြစ် ထည့်သွင်း စဉ်းစားခြင်း မပြုနိုင်ကြောင်းရုံးအဖွဲ့က ကြားနာစုံစမ်းရေးအဖွဲ့ထံ အကြောင်းပြန်ခဲ့သည်။ 

ကြားနာစုံစမ်းရေးနှင့် ရုံးအဖွဲ့ရှေ့တွင် ယခုငွေကိစ္စကို ရှေ့နေဖြင့် ဆောင်ရွက်နေသည်ဟု ဆိုသော်လည်း FOEIM နှင့်ပတ်သက်၍ဖွင့်ထားသည့် Facebook Group တွင် ကြားနာစုံစမ်းရေး အပြီး ကိုခန့်သူ တင်ခဲ့သည့် စာတွင်မူ ငွေများပြန်ရရေးမှာသူသည် ထိုင်းလူမျိုး ဖြစ်သည့်အတွက်ကြောင့် သူ့အကောင့်ကို ယူသုံးတဲ့အခါ ဘာစာချုပ်စာတမ်းမှ မပါဘဲ ယူသုံးတဲ့အတွက်ကြောင့် မလွယ်ကူကြောင်း ပြောပါတယ်ဟု ပြောခဲ့သည်။ 

FOEIM Facebook Group တွင် ကိုခန့်သူ၏ ရေးသားချက်အရ ယခုကဲ့သို့ ထိုင်းလူမျိုးနှင့် ပြဿနာဖြစ်နေသည်မှာ ၂၀၂၂ ဇွန်လကတည်းက ဖြစ်ခဲ့သည်ဟုဆိုပြီး စက်တင်ဘာလကုန်တွင် ရှေ့နေဖြင့် စလိုက်ခဲ့သည်ဟု ဆိုသည်။ ရုံးအဖွဲ့ဝင်များကမူ ယခုကိစ္စကို မသိခဲ့ရဘဲ ကြားနာစုံစမ်းရေးရှေ့မှောက် ကိုခန့်သူက ပြောလာတော့မှ သိရှိခဲ့ကြခြင်းဖြစ်သည်။ 

ကိုခန့်သူ၏ အကြောင်းပြချက် (၂) 
ဘတ်သိန်း ၁၀၀ ပျောက်ဆုံးခဲ့သည်ဟု ဆိုပြန် 

ကျောင်းသားမိဘများ၏ ထောက်ပံ့ငွေများအနက်မှ ထိုင်းဘတ် သိန်း ၁၀၀ မှာလည်း ပျောက်ဆုံးနေကြောင်း ကိုခန့်သူက ဆိုလာပြန်သည်။ ၎င်း ငှားရမ်းထားသည့် မဲဆောက်နေအိမ်ရှိ မီးခံသေတ္တာကို လက်သမားဆရာတစ်ဦးအား ငှားရမ်း၍ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ၎င်းသိမ်းဆည်းထားသည့် ထိုင်းဘတ်ငွေ သိန်း ၁၀၀ ပျောက်ဆုံးနေသည်ဟု ၎င်းတင်ပြလာသည့် ရှင်းတမ်းတွင် ဖော်ပြထားသည်။ 

မီးခံသေတ္တာသော့မှာ ရုံးအဖွဲ့ဝင်များထံ ရှိနေခဲ့သည်ဟုဆိုပြီး ဘေးအိမ်ရှိ လုံခြုံရေးကင်မရာမှတ်တမ်းများအရ ၎င်းမရှိချိန်တွင် ရုံးအဖွဲ့ဝင် ၃ ဦးအပါအဝင် အခြား လူ ၃ ဦးတို့ နေအိမ်တွင်း ဝင်ရောက်ခဲ့သည်ကို တွေ့ရသည်ဟု ကိုခန့်သူက ဆိုသည်။ 

ကိုခန့်သူက စွပ်စွဲသည့် ရုံးအဖွဲ့ဝင်များက နေအိမ်အတွင်း ဝင်ရောက်ခဲ့သည့်နေ့မှာ ယမန်နှစ် နိုဝင်ဘာ ၁၁ “FOEIM တည်ထောင်သူနှင့် ငွေစာရင်းရှင်းတမ်းဆောင်းပါး ဖော်ပြပြီးနောက် နှစ်ရက်အကြာ နိုဝင်ဘာ ၁၃ က ဖြစ်သည်။ ရုံးအဖွဲ့ဝင်များက ကိုခန့်သူနှင့်အတူ တစ်အိမ်တည်း ဆက်လက် မနေထိုင်လိုတော့သည့်အတွက် မဲဆောက်နေအိမ်တွင် ကျန်ရှိခဲ့သည့် ၎င်းတို့​၏ အသုံးအဆောင် ပစ္စည်းများကို သွားယူခဲ့ကြခြင်းဖြစ်သည်ဟု ရုံးအဖွဲ့ဝင်များက ဆိုသည်။ 

ထို့ပြင်နေအိမ်သို့ ဝင်ရောက်သည်မှ စတင်၍ နေအိမ်မှ ထွက်ခွာသည်အထိ လှုပ်ရှားမှုများ အစအဆုံးကို တစ်ဦးချင်း ဗီဒီယိုမှတ်တမ်း ရိုက်ကူးခဲ့သည့်အတွက် သက်သေများရှိကြောင်း ရုံးအဖွဲ့က ဆိုသည်။​

မီးခံသေတ္တာ၏ System Log ကို စစ်ဆေးလျှင် သိရှိနိုင်ကြောင်းရုံးအဖွဲ့က ပြန်လည်ချေပခဲ့ပြီးတရားဥပဒေအရ တရားစွဲသည်ဖြစ်စေ၊ တိုင်ကြားသည်ဖြစ်စေ ဆောင်ရွက်နိုင်ကြောင်းကြားနာရေးအဖွဲ့ထံ ပြောဆိုခဲ့သည်။ 

ကိုခန့်သူကဘတ်သိန်း ၁၀၀ပျောက်ဆုံးခဲ့သည်ဟု ကြားနာရေးအဖွဲ့နှင့် ရုံးအဖွဲ့ရှေ့တွင် ဒီဇင်ဘာ ၂ တွေ့ဆုံမှု၌ ပြောဆိုခဲ့သော်လည်း FOEIM နှင့်ပတ်သက်၍ဖွင့်ထားသည့် Facebook Group ၌ ဒီဇင်ဘာ ၂၁ က ဖြေရှင်းခဲ့ရာတွင်မူ ပျောက်ဆုံးငွေမှာ သိန်း ၁၀၀ မဟုတ်တော့ဘဲ သိန်း ၃၀ ဖြစ်သွားသည်ကို တွေ့ရသည်။ 

ကိုခန့်သူ၏ မီးခံသေတ္တာထဲမှ ပျောက်ဆုံးသွားသည်ဟုဆိုသည့် ထိုင်းဘတ်ငွေ သိန်း ၁၀၀ မှာ မြန်မာငွေ သိန်း ၈၀၀၀ ဝန်းကျင် ဖြစ်သည်။ ယင်းငွေများ ပျောက်ဆုံးမှုမှာ ရုံးအဖွဲ့က သတင်းမီဒီယာနှင့် စကားပြောဆိုပြီး ကိုခန့်သူ၏ ငွေကြေးအရှုပ်အထွေးများကို ပြည်သူ့ရှေ့ ချပြတော့မှ ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။ 

ကိုခန့်သူ၏စာရင်းမှ ငွေကြေးကွာဟမှုများ 

ပျောက်ဆုံးသည်ဟုဆိုသည့် ငွေနှင့် ထိုင်းလူမျိုးက ပြန်မပေးဟုဆိုသည့် ငွေ ၁၆၁ သိန်းအပြင် ကိုခန့်သူ တင်ပြလာသည့် အသေးစိတ် ရှင်းတမ်း ရှိသေးသည်။ ယင်းငွေများ အပါအဝင် ကိုခန့်သူ၏စာရင်းအရ ယမန်နှစ် ဇွန်မှ နိုဝင်ဘာလထိကုန်ကျငွေမှာ ထိုင်းဘတ် ၃၅၅ သိန်းကျော် ဖြစ်ပြီးဝင်ငွေမှာ ဘတ် ၄၃၉ သိန်းကျော် ဖြစ်သည်။ 

ထို့ကြောင့် ကျန်ရှိရမည့်ငွေမှာ ထိုင်းဘတ် ၈၃ သိန်းကျော် ဖြစ်ရမည်ဖြစ်သည်။ သို့သော် ကိုခန့်သူ တင်ပြလာသည့် ၎င်းထံ ကျန်ရှိနေသည့် ငွေစာရင်းမှာ ထိုင်းဘတ် ၅၅ သိန်းကျော်ပင်ရှိသည်။ ကိုခန့်သူကိုယ်တိုင် တွက်ချက်ပြီး ကြားနာရေးအဖွဲ့ထံ တင်ပြလာသည့် စာရင်းတွင်ပင် ထိုင်းဘတ် ၂၇ သိန်းကျော် ကွာနေသည်ဟု ရုံးအဖွဲ့က ကြားနာရေးအဖွဲ့ထံ ပြန်လည်တင်ပြခဲ့သည်။ 

ကိုခန့်သူကိုယ်တိုင်တွက်ချက်ပြီး တင်ပြလာသည့် ဝင်ငွေပမာဏမှာ ထိုင်းဘတ် ၄၃၉ သိန်းကျော်ဖြစ်သော်လည်း ရုံးအဖွဲ့က ပြုစုထားသည့် ဝင်ငွေပမာဏမှာ ထိုင်းဘတ် ၄၆၂ သိန်းကျော်နှင့် မြန်မာငွေ ၃၆၂ သိန်းကျော်ဖြစ်သည်။ ကိုခန့်သူက NUG ၏ကြားနာရေးအဖွဲ့ထံ တင်ပြချက်များတွင် ချန်လှပ်ထားသည့် ငွေများရှိနေသည်ဟု ရုံးအဖွဲ့က ဆိုသည်။ 

ယင်းငွေများမှာ ဆရာဆရာမများထံမှ ကောက်ယူထားသည့် ZOOM အသုံးပြုခများ၊ ထပ်ဆောင်း အင်္ဂလိပ်စာသင်တန်းမှ ရရှိငွေများ၊ ZOOM Account များကို FOEIM နာမည်ဖြင့် ဝယ်ယူထားပြီး ပြင်ပသို့ ပြန်လည်ရောင်းချရာမှ ရရှိသည့်ငွေများနှင့် ကျောင်းသား ကျောင်းသူများ ပေးပို့ထားသည့် Data Support ငွေများအတွက် KBZPay ပြေစာများကို ထည့်သွင်း မဖော်ပြထားဟု ရုံးအဖွဲ့က တုံ့ပြန်ခဲ့သည်။ 

ယင်းစာရင်းများအရ ထိုင်းဘတ် ၂၃ သိန်း ၅ သောင်းကျော်နှင့် မြန်မာကျပ်ငွေ ၃၂၆ သိန်းကျော်တို့မှာ ကိုခန့်သူ၏ ကိုယ်ပိုင်စာရင်းတွင် ပျောက်နေသည်။

လစာမယူသည့် ကိုခန့်သူနှင့် တစ်ကိုယ်ရေ အသုံးစရိတ်များ 

ရုံးအဖွဲ့ဝင် ၄၀ ကျော်ကို Data Support အနေဖြင့် တစ်ဦးလျှင်ကျပ် နှစ်သိန်းစီပေးရန် ယမန်နှစ် မေလကုန်၊ ဇွန်လဆန်းက ကိုခန့်သူနှင့် တိုင်ပင်ခဲ့ကြာင်း ကိုယ်တိုင်ပါဝင်ခဲ့သူ ရုံးအဖွဲ့ဝင်ဟောင်းက ဆိုသည်။ ယင်းသို့ တိုင်ပင်ခဲ့ရာတွင် အခြား ရုံးအဖွဲ့ဝင်များကဲ့သို့ ကိုခန့်သူအနေနှင့် လစာယူသင့်ကြောင်း ပြောဆိုခဲ့သော်လည်း ကိုခန့်သူက လစာမယူလိုကြောင်း၊ အခြား ရုံးအဖွဲ့ဝင်များအတွက်သာ သုံးသင့်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်ဟု ဆိုသည်။ 

အဲ့ဒီတုန်းက ပြောခဲ့တာက ရုံးအဖွဲ့ဝင်တွေအတွက် တစ်လ ၂ သိန်းပေါ့။ အကုန်လုံးက ရသင့်တယ်၊ ခန့်သူအနေနဲ့လည်း ယူသင့်တယ်၊ ၂ သိန်းထက်ပိုပြီး ယူမယ်ဆိုရင်လည်း ယူသင့်တယ်ပေါ့။ သတ်မှတ်ထားတဲ့ ပမာဏတစ်ခုခု ဖြစ်သင့်တယ်ပြောခဲ့တယ်၊ ဒါပေမယ့် သူက မယူဘူးဘဲ ပြောတယ်ဟု ရုံးအဖွဲ့ဝင်ဟောင်းက ဆိုသည်။ 

သို့သော် စုံစမ်းရေးရှေ့မှောက် ကိုခန့်သူ တင်ပြသည့် အသုံးစရိတ်စာရင်းတွင်ဘန်ကောက် စတင်ရောက်သည့် အပတ် မုန့်ဝယ်ကျွေးခြင်း၊ လည်ပတ်ခြင်း၊ အင်္ကျီ၊ Skincare အပြင် အခြားလိုအပ်သည်များအား ဝယ်ပေးခြင်းဟု ခေါင်းစဉ်တပ်လျှက် ဘတ် ၁ သိန်းထည့်သွင်းထားသည်ကို တွေ့ရသည်။ 

ထို့ပြင် ဘန်ကောက်တွင် တည်းခိုသည့် ဟိုတယ်ခအဖြစ် ထိုင်းဘတ် တစ်သိန်းခွဲဟု ဖော်ပြထားသည်။ ဟိုတယ်နှင့် သယ်ယူပို့ဆောင်ရေးအတွက် စုစုပေါင်း ကုန်ကျငွေမှာလည်း ထိုင်းဘတ် နှစ်သိန်းခွဲ ဖြစ်သည်။ ရုံးအဖွဲ့၏ အဆိုအရ ဘန်ကောက်တွင် ဇိမ်ခံဟိုတယ်တစ်ခု၌ တစ်ညတည်းခိုစရိတ်မှာ ပျမ်းမျှ ထိုင်းဘတ် ၁၅၀၀ ခန့်ရှိသည့်အတွက် ကိုခန့်သူ၏ စာရင်းအရ ရက်ပေါင်း ၁၀၀ ခန့်နေထိုင်ခဲ့သည်ဟု ယူဆရန်ရှိနေသည် ဟုဆိုသည်။ ထို့ပြင် FOEIM ရုံးသည် မဲဆောက်မြို့တွင် အခြေစိုက်သည့်အတွက် ကိုခန့်သူအနေနှင့် ဘန်ကောက်တွင် ဟိုတယ်ငှားရန် အကြောင်းမရှိကြောင်း ကြားနာရေးအဖွဲ့ရှေ့တွင် တုံ့ပြန်ခဲ့သည်။ 

ရုံးအဖွဲ့က မီဒီယာမှတစ်ဆင့် ပြည်သူ့ထံ ချပြပြီး၊ တိုင်ကြားစာပို့သည့်အချိန်မှ ကိုခန့်သူ ပြောပြလာသည့် တစ်ကိုယ်ရည် အသုံးစရိတ်များအားလုံးမှာ လစာမယူဟုဆိုသည့် ကိုခန့်သူ၏ကိုယ်ပိုင်ငွေများ မဟုတ်ဘဲ ကျောင်းသားမိဘများက FOEIM ထံ ယုံယုံကြည်ကြည် ပေးအပ်ထားသည့် ထောက်ပံ့ငွေများဖြစ်သည်။ 

၂၀၂၁ ခု မေ ၁၀ က FOEIM တည်ထောင်ခြင်းနှင့်ပတ်သက်၍ ဦးတည်ချက်များကို ကိုခန့်သူက ၎င်း၏ ဆိုရှယ်မီဒီယာပေါ်တွင် ကြေညာခဲ့ရာတွင်စီးပွါးရေး ဆန်သော ပညာရေးစနစ်ကို အမြစ်ပြတ် ဖြုတ်ချပြီး ပညာရေးဆန်သော အဆင့်မြင့် ပညာရေးစနစ်တစ်ခု ပေါ်ထွန်းလာစေရေးဟု ပါရှိသည်။ သို့သော် ယခင်က အခမဲ့အနေဖြင့် သွားခဲ့သည့် FOEIM သည် ၂၀၂၂ ဇွန်လမှ စ၍ ကိုခန့်သူ၏ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းအဖြစ် အသွင်းပြောင်းလာခဲ့သည်ကို ရုံးအဖွဲ့က တွေ့ရှိလာခဲ့ရသည်။ 

တော်လှန်ရေးအတွက်လား၊ ကိုယ်ပိုင်စီးပွားရေးလား

ကြားနာစုံစမ်းရေးရှေ့မှောက် ကိုခန့်သူနှင့် ရုံးအဖွဲ့တို့ ဒီဇင်ဘာ ၂ က ပထမဆုံးအကြိမ် တွေ့ကြရာတွင် ၎င်း၏ ငွေစာရင်းရှင်းတမ်းကို တင်ပြခဲ့ခြင်းဖြစ်သည်။ သို့ရာတွင် ၎င်းမှာ ပုဂ္ဂလိက အဖွဲ့အစည်းဖြစ်သည့်အတွက် ငွေစာရင်းရှင်းတမ်းလုပ်ရန် မလိုကြောင်း ကြားနာစုံစမ်းရေး အဖွဲ့ရှေ့တွင် ပြောကြားခဲ့သည်ဟုလည်း ရုံးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ ထို့ပြင် နောက်ပိုင်းတွင် တိုင်ကြားသည့် ရုံးအဖွဲ့ဝင်များ မပါဝင်စေတော့ဘဲ ၎င်းယုံကြည်သည့် လူပုဂ္ဂိုလ်များဖြင့်သာ ငွေကို ကိုင်တွယ်တော့မည်ဟု ပြောဆိုခဲ့သည်။

ကိုခန့်သူကိုယ်တိုင်ရော FOEIM Page ကပါ FOEIM သည် ပုဂ္ဂလိက အဖွဲ့အစည်း ဖြစ်ကြောင်း တစ်ကြိမ်တစ်ခါမှ ကြေညာခဲ့ဖူးခြင်း မရှိပေ။ ထို့ပြင် FOEIM ကို အကျိုးအမြတ်မယူသည့် အဖွဲ့အစည်း (Non-Profit Organisation) အဖြစ် အမေရိကန်နိုင်ငံတွင် မှတ်ပုံတင်ထားခဲ့ခြင်းဖြစ်သည်ဟု ရုံးအဖွဲ့က ဆိုသည်။ ကျောင်းသားမိဘများအနေနှင့်လည်း FOEIM သည် ကိုခန့်သူ စီးပွားဖြစ်လုပ်ကိုင်သည့် ပုဂ္ဂလိကကျောင်းအဖြစ် မသိကြဘဲ တော်လှန်ရေးအတွက် ပေါ်ပေါက်လာသည့် အွန်လိုင်းကျောင်းအဖြစ်သာ သိထားကြသည်။ 

ကြားနာစုံစမ်းရေးအဖွဲ့နှင့် မလုံလောက်တော့

ကိုခန့်သူ၏ စာရင်းရှင်းတမ်းတွင် ပျောက်ဆုံးငွေအပါအဝင် သိန်းသောင်းချီကွဟနေသည်ကို စာရင်းဇယားများဖြင့် အသေးစိတ် တွက်ချက်၍ ရုံးအဖွဲ့က ဒီဇင်ဘာ ၅ တွင် ကိုခန့်သူနှင့် ကြားနာစုံစမ်းရေးအဖွဲ့ထံ Signal Group နှင့် အီးမေးမှတစ်ဆင့် ပို့ခဲ့သည်။ သို့သော် ကိုခန့်သူနှင့် ကြားနာစုံစမ်းရေးအဖွဲ့က အကြောင်းမပြန်ခဲ့ပေ။

ထို့ကြောင့် ကြားနာစုံစမ်းရေး အဖွဲ့အနေနှင့် ကိုခန့်သူကို ဒီဇင်ဘာ ၁၁ နောက်ဆုံးထား၍ ရှင်းလင်းပေးစေလိုကြောင်း ထုတ်ပြန်ချက်စာတစ်စောင်ကို ရုံးအဖွဲ့က ကြားနာစုံစမ်းရေးနှင့် ကိုခန့်သူထံ ဒီဇင်ဘာ ၈ တွင် ထပ်မံပေးပို့ခဲ့သည်။ 

ထို့နောက်မှ ကြားနာစုံစမ်းရေးက ရုံးအဖွဲ့နှင့် ကိုခန့်သူကို ဒီဇင်ဘာ ၁၁ တွင် တွေ့ဆုံရန် ထပ်မံခေါ်ယူခဲ့သည်။ 

ထိုတွေ့ဆုံမှုတွင် ကိုခန့်သူ ပထမအကြိမ်က တင်ပြခဲ့သည့်ငွေစာရင်းနှင့် ယင်းငွေစာရင်းကို ပြန်လည်ထောက်ပြသည့် ရုံးအဖွဲ့၏ရှင်းတမ်းတို့ကို ကြားနာစုံစမ်းရေးက နှိုင်းယှဉ်စစ်ဆေးခဲ့သည်။ သို့သော် ရုံးအဖွဲ့က တောင်းဆိုခဲ့သည့် ငွေဖြတ်ပိုင်းများ၊ စာရင်းများကို ကိုခန့်သူက ယူဆောင်လာနိုင်ခြင်း မရှိဘဲ ပထမအကြိမ်ကတည်းက တင်ထားသည့် စာရင်းဖြင့်သာ ထပ်မံရှင်းလင်းခဲ့ခြင်းဖြစ်သည်။ 

ကြားနာစုံစမ်းရေးက ဘယ်လိုလုပ်သလဲဆိုတော့ ဥပမာ ကုန်ကျစရိတ်တစ်ခုအတွက် ရုံးအဖွဲ့ရဲ့ စာရင်းမှာ ၃ သောင်း၊ ဒါက ခန့်သူ စာရင်းမှာ တစ်သိန်းဖြစ်နေတယ် ဆိုပါစို့။ ဒီလိုဆိုရင် တစ်ခုခု ညှိကြပေါ့၊ သူတို့က အဲ့ဒီလို ဖြစ်စေချင်တာဟု ရုံးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

ထို့ပြင်၃ သောင်းပဲ ကုန်ကျတာကို ၃ သောင်းပဲကုန်ကြောင်း ငွေဖြတ်ပိုင်းရှိတယ်။ ဒါကြောင့် ၃ သောင်းပေါ့။ ဒါပေမယ့် ကိုခန့်သူဆီမှာက တစ်သိန်းလို့ပြောပြီး တစ်သိန်းကုန်ကြောင်း သက်သေ မရှိဘူး၊ မှတ်တမ်းမရှိဘူး။ ဒါကြောင့် ကိုခန့်သူ တင်ပြလာတာတွေကို ရုံးအဖွဲ့က လက်မခံနိုင်ဘူးလို့ပဲ ပြောခဲ့တယ်။ ဒါပေမယ့် ကြားနာရေးအဖွဲ့က ကိုခန့်သူ သုံးထားတာနဲ့ ရုံးအဖွဲ့က တင်လာတဲ့ ငွေပမာဏကို ကြားချစေချင်တဲ့ပုံစံမျိုး လုပ်ချင်တာဟု ၎င်းက ဆိုသည်။  

စာရင်းရှင်းတမ်းမှာ ထိုနေ့တွင် မပြီးပြတ်ခဲ့ဘဲ ကြားနာစုံစမ်းရေးအဖွဲ့က နောက်ရက်များတွင် ထပ်မံ တွေ့ဆုံကြရန် ပြောသည့်အတွက် လာမည့်တွေ့ဆုံမှုကို ကိုခန့်သူကိုယ်တိုင် သက်သေအထောက်အထားများဖြင့် ရှင်းလင်းနိုင်သည့်နေ့ကို ရွေးစေလိုကြောင်း ရုံးအဖွဲ့က ပြောခဲ့သည်။ ကိုခန့်သူကလည်း လက်ခံခဲ့ပြီး ဒီဇင်ဘာ ၁၆ တွင် သက်သေအစုံအလင်ဖြင့် ရှင်းလင်းပေးမည်ဟု ကြားနာရေးအဖွဲ့ရှေ့မှောက်တွင် ကတိပေးခဲ့သည်။ ထို့နောက် ကြားနာစုံစမ်းရေးက ဒီဇင်ဘာ ၁၂၊ ၁၃၊ ၁၄၊ ၁၅ ရက်များတွင် ကျောင်းသားမိဘများ၊ ဆရာဆရာမများနှင့် ဆက်လက် တွေ့ဆုံခဲ့သည်။

သို့သော် ဒီဇင်ဘာ ၁၆ အရောက်တွင် ကိုခန့်သူက ကြားနာစုံစမ်းရေးရှေ့မှောက် ကတိပေးခဲ့သည့်အတိုင်း သက်သေ အထောက်အထားများ၊ ဖြတ်ပိုင်းပြေစာများ ယူမလာခဲ့သလို ရှင်းစရာလည်း မလိုတော့ဘဲ ငွေစာရင်းရှင်းတမ်းမှာ ယခင်အတိုင်းသာ ဖြစ်သည်ဟု ထပ်မံပြောဆိုခဲ့သည်။ ၎င်းအနေနှင့်ကျောင်းသားမိဘများက ရှင်းပေးဟု ဆိုမှသာရှင်းလိုသည်ဟုလည်း ဆိုသည်။ 

ထို့ပြင် ကြားနာစုံစမ်းရေးအဖွဲ့အနေနှင့် ကျောင်းသားမိဘများ၊ ဆရာဆရာမများ ကို ဖိတ်ခေါ်ပေးပြီး ရုံးအဖွဲ့နှင့်အတူ မျက်နှာစုံညီတွေ့ဆုံမှသာ ရှင်းပေးနိုင်တော့မည်ဟု ကိုခန့်သူက ဆိုတော့သည်။

ကြားနာစုံစမ်းရေးလား၊ စေ့စပ်ညှိနှိုင်းရေးလား

ဒီဇင်ဘာ ၁၆ နောက်ဆုံး တွေ့ဆုံမှုတွင် ကိုခန့်သူ၏ ငွေကြေးအလွဲသုံးစားမှုများနှင့် FOEIM ၏ငွေကြေးကွာဟနေမှုများကို မိဘများနှင့် အများပြည်သူ သိစေရန် လုပ်ဆောင်ချက်များမှာ မိဘပြည်သူများကို တော်လှန်ရေးကာလတွင် စိုးရိမ်ပူပန်အောင် ပြုလုပ်ခြင်းဖြစ်သည်ဟု ကြားနာစုံစမ်းရေးအဖွဲ့က ပြောဆိုခဲ့သည်။

ထို့ပြင် တော်လှန်ရေးကာလတွင် ဆူပူအောင် ပြုလုပ်ခြင်းဖြစ်သည့်အတွက် တော်လှန်ရေးကို အနှောက်အယှက်ဖြစ်စေသူများဟုလည်း ဆိုသည်။ အစိုးရအဖွဲ့အနေဖြင့် တော်လှန်ရေးကို နှောင့်နှေးစေသူများကို ခွင့်လွှတ်နိုင်စရာမရှိဟုဆိုခဲ့ပြီး တော်လှန်ရေး ပြီးဆုံးသည့်အခါတွင်လည်း အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုအတိုင်း တရားစွဲဆိုသွားမည်ဟု ကြားနာစုံစမ်းရေးအဖွဲ့က ဆိုသည်ဟု ရုံးအဖွဲ့က ပြောသည်။

ထို့ပြင် “FOEIM အဖွဲ့အစည်း ရှေ့ဆက်ရပ်တည်နိုင်မှု မရှိခြင်းအတွက် ရုံးအဖွဲ့က တာဝန်ယူရမည်ဟု ကြားနာရေးအဖွဲ့က ဆိုသည်။ ထပ်လောင်း၍ကျောင်းသား ကျောင်းသူများနှင့် ဆရာဆရာမများ၏ လုံခြုံရေးအတွက် ရုံးအဖွဲ့ကသာ တာဝန်ယူရမည်ဟု ပညာရေးဝန်ကြီးဌာန မူဝါဒရေးရာ တာဝန်ခံ ဦးအောင်အောင်မင်းက ပြောဆိုခဲ့သည်။  

ကြားနာရေးက ပြောတာက ခုဖြစ်နေတာက အဖွဲ့နှစ်ဖွဲ့အားပြိုင်နေကြတာပေါ့။ တကယ်က အဖွဲ့နှစ်ဖွဲ့ အားပြိုင်တာ မဟုတ်ဘူး။ FOEIM ဆိုတဲ့ အဖွဲ့တစ်ခုတည်းပဲ၊ ဒီထဲမှာ တည်ထောင်သူတစ်ဦးတည်းက ငွေကိုတစ်ယောက်တည်းကိုင်တယ်။ ဒါကို ကျန်အဖွဲ့သားတွေက ဖြေရှင်းပေးဖို့ တောင်းဆိုတာ၊ ဒါပါပဲဟု အဖွဲ့ဝင်တစ်ဦးက ဆိုသည်။  

ငွေစာရင်းကွာဟမှုတွေ ရှိတာကြောင့် ကျောင်းသားတွေကနေ Data Support ပေးသွင်းဖို့ လက်ခံခဲ့တဲ့ ထိုင်း ဘဏ့်အကောင့်တစ်ခုစီရဲ့ လစဉ် ဘဏ်စာရင်းရှင်းတမ်း (Bank Statement) ကို သက်သေအနေနဲ့ တင်ပြပေးဖို့ တောင်းဆိုခဲ့တာ။ Bank statement မှာဆိုရင် ဝင်ငွေ/ထွက်ငွေ အလွှဲအပြောင်း တစ်ခုစီရဲ့ နောက်ကြောင်းတွေနဲ့ ပမာဏတွေ မှတ်တမ်းရှိတယ်။ ဒါကြောင့် Bank Statement ကို သက်သေအနေနဲ့ ပြလိုက်ရင် အကုန်ပြီးပြီ။ ဒါပေမယ့် ခန့်သူက မပြဘူးဟု ရုံးအဖွဲ့ဝင်တစ်ဦးက ဆိုသည်။ 

ရုံးအဖွဲ့က တောင်းဆိုသည့် သက်သေအထောက်အထား ငွေစာရင်းဖြတ်ပိုင်းများ၊ ဘဏ်စာရင်းအဝင်အထွက်များကို ကိုခန့်သူက NUG ရှေ့မှောက် တစ်ခုမှ တင်ပြလာခဲ့ခြင်း မရှိဘဲ အသုံးစရိတ်ငွေကို စာရွက်ပေါ်တွင် ချရေးထားသည့် ကိန်းဂဏန်းများသာ တင်ပြခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

နောက်ဆုံးတွင်မူနှစ်ဖက်မှ (ကြားနာစုံစမ်းရေး) အဖွဲ့ကို ယုံကြည်စွာ ပူးပေါင်းဆောင်ရွက်မှု အားနည်းပြီး အဖွဲ့ကို ခုတုံးလုပ် အသုံးချနေပါ၍ နှစ်ဖက်ကို စေ့စပ်ညှိနှိုင်းရန်အတွက် မဖြစ်နိုင်တော့ပါသောကြောင့်ဟု ဆိုကာ NUG ပညာရေးဝန်ကြီးဌာနက ကြေညာချက်ထုတ် အဆုံးသတ်လိုက်တော့သည်။ 

ကြားနာစုံစမ်းရေးအလွန် 

ကြားနာစုံစမ်းရေးအဖွဲ့က အဆုံးသတ်လိုက်ပြီး ၅ ရက်အကြာ ဒီဇင်ဘာ ၂၁ တွင် FOEIM နှင့်ပတ်သက်၍ဖွင့်ထားသည့် Facebook Group တွင်ကျနော့်အနေနဲ့ မိဘအားလုံးကိုရော ဆရာအားလုံးကိုရောတောင်ပန်ပါတယ်ဆိုတဲ့ စကားက လွဲရင် ပြောစရာစကား မရှိတော့ပါဘူးခင်ဗျာဟု ဆိုပြီးမျက်ရည်ခြူတာ မဟုတ်ပါဘူးဟု ရေးသားကာ ဘဏ်ငွေစာရင်းရှင်းတမ်းများ မပါဝင်သည့် ၎င်း၏ငွေစာရင်းကို ကိုခန့်သူက ထပ်မံရှင်းလင်းခဲ့သေးသည်။  

ယင်းငွေစာရင်းတွင် ကြားနာစုံစမ်းရေးထံ ယခင်က တင်ပြခဲ့သည့် စာရင်း၌ထည့်သွင်းထားသည့် ငွေပမာဏအချို့မှာ ပြောင်းလဲနေပြန်သည်။ အထက်တွင်ဖော်ပြခဲ့သည့် မီးခံသေတ္တာထဲမှာ ပျောက်ဆုံးငွေ သိန်း ၁၀၀ ကို ယခုစာရင်းတွင်  သိန်း ၃၀ အဖြစ် ပြောင်းလဲထားကြောင်းဖော်ပြခဲ့ပြီးဖြစ်သည်။  

ရုံးအဖွဲ့နှင့် ကြားနာစုံစမ်းရေးရှေ့မှောက်တွင် တင်ခဲ့ရာတွင် ရုံးအဖွဲ့ဝင်များနှင့်ဆရာဆရာမများအတွက် Data Support ကုန်ကျစရိတ်မှာ ထိုင်းဘတ် ၅၆ သိန်း ၇ သောင်းကျော်ဖြစ်ပြီး FOEIM နှင့်ပတ်သက်၍ဖွင့်ထားသည့် Facebook Group ၌ တင်ရာတွင် ဘတ် ၇၄ သိန်း အဖြစ်ပြောင်းထားသည်ကို တွေ့ရသည်။ 

ထို့အပြင် ရုံးအဖွဲ့ဝင်များအတွက် ကုန်ကျစရိတ်ကို ရုံးအဖွဲ့နှင့် ကြားနာစုံစမ်းရေးရှေ့မှောက်တွင် တင်ပြခဲ့ရာတွင် ထိုင်းဘတ် ၁၈ သိန်း ၇ သောင်းဟု ရေးသားခဲ့သော်လည်း FOEIM နှင့်ပတ်သက်၍ဖွင့်ထားသည့် Facebook Group ၌ တင်ရာတွင် ဘတ် ၂၁ သိန်းဖြစ်နေပြန်သည်။  

ထို့ပြင် ကိုခန့်သူနေထိုင်သည့်အတွက် FOEIM ငွေဖြင့်ငှားရမ်းထားသည့် စရိတ်မှာ ကြားနာစုံစမ်းရေး အဖွဲ့ရှေ့တွင် ဘတ် ၄ သိန်းဟုဆိုပြီး ကျောင်းသားမိဘများကို ရှင်းပြသည့် Facebook Group တွင်မူ ၂ သိန်း ဖြစ်သွားသည်။

ထပ်လောင်း၍ ကြားနာစုံစမ်းရေးထံတွင်ကိုခန့်သူ အထွေထွေအသုံးစရိတ် ထိုင်းဘတ် ၃ သိန်းဟု ရေးသားခဲ့သော်လည်း Facebook Group တွင်မူ ထိုင်းဘတ် ၄ သိန်းဖြစ်သွားသည်။ အခြား ငွေကြေးကွာဟချက်များ ရှိသေးသော်လည်း များပြားသည့်အတွက် မဖော်ပြတော့ပေ။ 

ကြားနာစုံစမ်းရေးမှာ ဒီဇင်ဘာ ၁၆ ကတည်းက ပြီးခဲ့ပြီဖြစ်သည့်အတွက် ဒီဇင်ဘာ ၂၁ တွင် ကျောင်းသားမိဘများထံ ဖြေရှင်းခဲ့သည့် ကိုခန့်သူ၏ ပျောက်ဆုံးငွေများနှင့် အသုံးစရိတ် ပမာဏ ပြောင်းလဲဖော်ပြထားသည်များကို မည်သူမှ မေးခွန်းထုတ် မရတော့ပေ။  

ကိုခန့်သူနဲ့ MOE ကြားက ဆက်ဆံရေး 

ငွေလွှဲဝန်ဆောင်မှု လုပ်ငန်းများ၊ ZOOM ရောင်းဝယ်ရေးလုပ်ငန်းများ၊ Logistic လုပ်ငန်းများ လုပ်ကိုင်နေသူ ကိုခန့်သူသည် အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG Pay အတွက် Distributor တစ်ဦးလည်း ဖြစ်ကြောင်း အမည်မဖော်လိုသည့် သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ 

FOEIM အကြောင်း စုံစမ်းနေသည်ကို NUG အတွင်းဝန်များရှိရာ Signal Group တစ်ခုမှ Screenshot အား ကိုခန့်သူထံ သွားပြခဲ့သည့် NUG ဘဏ္ဍာရေးဝန်ကြီးဌာန ယာယီ သို့မဟုတ် ဒု အတွင်းဝန်ဟုဆိုသူ ကိုငြိမ်းချမ်းအောင်မှာလည်း ကိုခန့်သူနှင့် ပုဂ္ဂိုလ်ချင်းရင်းနှီးသူ တစ်ဦးဖြစ်သည်။ ပထမဆောင်းပါး ဖော်ပြပြီးနောက် ကိုချမ်းငြိမ်းအောင်ကို NUG က အရေးယူခဲ့ပြီးဖြစ်သည်ဟု သိိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။

ထို့ပြင် ကိုခန့်သူသည် ဒေါက်တာသိန်းလွင်၊ NUG ပညာရေးဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်တို့နှင့် ပုဂ္ဂိုလ်ရေးရင်းနှီးမှုရှိကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ စစ်ကိုင်းနှင့် မကွေးတိုင်း မြေပြင် ပြည်သူ့ကျောင်းများ အကောင်အထည်ဖော် ဖွင့်လှစ်နေသော ကျောင်း ၄ ကျောင်းအတွက် ဟုဆိုကာ FOEIM က ကျပ်သိန်း ၂၀ လှူဒါန်းသည်ကို ယမန်နှစ် ဇွန် ၃ ရက်စွဲဖြင့် ပညာရေး ဒုဝန်ကြီး ဒေါ်ဂျာထွယ်ပန်က ဂုဏ်ပြုဖူးသည်။ 

ထို့ပြင် ကြားနာစုံစမ်းရေးအဖွဲ့ ဖွဲ့၍ မစစ်ဆေးမီ ကိုခန့်သူနှင့်ပတ်သက်၍ ဝန်ကြီးတစ်ဦးမှတစ်ဆင့် ဆက်သွယ်ခဲ့ရာ ဒေါ်ဂျာထွယ်ပန်က ယခုကိစ္စကိုမရေးတာက ပိုကောင်းပါမယ်ဟု ဆိုပြီး “(ခန့်သူ) ဘက်ကနေ ပါပေးတာလည်းတော့ မဟုတ်ပါဘူး။ Consequences (ဖြစ်ပေါ်လာမဲ့ အကျိုးဆက်) တွေ ရှိတဲ့အကြောင်း သူ့ကို ပြောဆိုဆုံးမရပါမယ်ဟု အကြောင်းပြန်ခဲ့သည်။ 

၂၀၂၁ သြဂုတ် ၂၂ က ကိုခန့်သူက ၎င်း၏ ဆိုရှယ်မီဒီယာပေါ်တွင် နွေဦး ဆရာအတတ်သင်တက္ကသိုလ် (Spring Normal University) ၏ အဓိပတိ ဒေါက်တာသိန်းလွင်ကို Tag လုပ်၍ မွေးနေ့ ဆုတောင်းပေးခဲ့သည်ကို တွေ့ရသည်။ ထို့နောက် ယင်းနှစ် ဧပြီ ၂၄ တွင် ဒေါက်တာသိန်းလွင်နှင့်အတူ ဒေါက်တာဇော်ဝေစိုး၊ ဒေါ်ဂျာထွယ်ပန်နှင့် ဦးကျော်မိုးထွန်းတို့ ပါဝင်သည့် ကိုခန့်သူ၏ FOEIM တစ်နှစ်ပြည့် နှစ်ပတ်လည်ပွဲနှင့် ကျောင်းဆင်းပွဲကို Captain Zero က အစီအစဉ် တင်ဆက်သူအဖြစ် ပါဝင်ခဲ့သည်ကို တွေ့ရသည်။ 

NUG မှ ဝန်ကြီး ဒုဝန်ကြီးများအပါအဝင် ဒေါက်တာသိန်းလွင်၊ ဦးကျော်မိုးထွန်းတို့နှင့် ပူးတွဲ၍ ကိုခန့်သူက ယင်းပွဲကို လုပ်ခဲ့ပြီးနောက် ၎င်းအပေါ် ကျောင်းသားမိဘများက ပို၍ ယုံကြည်ခဲ့ကြသည်ဟု ကျောင်းသားမိဘ ၄ ဦးက ဆိုသည်။  

အစက အွန်လိုင်းပေါ်မှာပဲ တွေ့တာပါ။ ဘာမှန်း မသိဘူးပေါ့။ နောက်တော့ ဆရာကြီး ဇော်ဝေစိုးတို့ပါတယ်၊ ချစ်သုဝေတို့လည်းပါတယ် ဆိုတော့ ကျမတောင် တခြားမိဘတွေကို ပြောပြခဲ့သေးတယ်။ ဖောင်ဖောင်ရဲ့ ကျောင်းမှာ ထားဖို့လေ၊ စိတ်ချရတယ်ဟု ကျောင်းသားမိဘတစ်ဦးက ဆိုသည်။ ဖောင်ဖောင်ဆိုသည်မှာ ကိုခန့်သူ၏ အခြားနာမည်တစ်ခု ဖြစ်သည်။

သို့သော်ခု ကြားနာရေးအဖွဲ့က ရှင်းတာတွေရော၊ ဖောင်ဖောင်က ရှင်းတာတွေနဲ့ နောက်ပြီး ရုံးအဖွဲ့က ရှင်းပြတော့မှ အသေအချာ အကုန်သိရတာဟု ဆိုပြီးသူက NUG နဲ့လည်း မဆိုင်ဘူး။ NUG ကလည်း FOEIM ဟာ သူတို့နဲ့ မဆိုင်ဘူးလို့ ပြောတယ်။ ဇာတ်ကြောင်းကုန်တော့မှ သူ့ဘာသာ ဝန်ကြီးတွေကို ရှေ့ကပြပြီး စီးပွားရေးလုပ်တာလို့ပဲ ကျမက သဘောပေါက်တယ်ဟု ဆိုသည်။ အမည်မဖော်လိုသည့် မိခင်ဖြစ်သူ၏ သားသမီးနှစ်ဦးမှာ FOEIM တွင် စာသင်ယူနေဆဲဖြစ်သည်။

ကျောင်းသားမိဘများ၏ ချွေးနှဲစာများ

ကိုခန့်သူတင်ပြလာသည့် စာရင်းအရပင် ထိုင်းဘတ်ဖြင့် ၂၇ သိန်း ၈ သောင်းကျော် စာရင်းပျောက်နေပြီး လက်ရှိငွေလဲနှုန်းဖြင့် တွက်ပါက ကျပ်သိန်း ၂၂၀၀ ကျော်ရှိသည်။ ယင်းငွေများမှာ ငွေဖြတ်ပိုင်းများ၊ ဘဏ်ငွေ အသွင်းအထုတ်မှတ်တမ်းများစသည့် သက်သေအထောက်အထားများ မပါဘဲ ခေါင်းစဉ်နှင့်ငွေကိုသာ ချရေးထားသည့် ကိုခန့်သူ၏ ရှင်းတမ်းအရ ကွာဟမှု ဖြစ်သည်။ 

ရုံးအဖွဲ့က သက်သေအထောက်အထားများ၊ ငွေစာရင်းဖြတ်ပိုင်းများဖြင့် NUG ကြားနာစုံစမ်းရေးရှေ့မှောက် တင်ပြတောင်းဆိုသည့် ကိုခန့်သူထံ ကျန်ရှိနေရမည့် ငွေပမာဏမှာ ထိုင်းဘတ် ၃၈၁ သိန်းကျော်နှင့် ကျပ်ငွေ ၃၂၆ သိန်းကျော်ဖြစ်သည်။ ထိုင်းဘတ် ၃၈၁ သိန်းမှာ လက်ရှိငွေလဲနှုန်းဖြင့် တွက်ပါက ကျပ်သိန်းပေါင်း ၃၀၄၈၀ (သုံးသောင်းလေးရာ့ရှစ်ဆယ်) ဝန်းကျင် ဖြစ်သည်။ ယင်းငွေများအားလုံးမှာ စစ်အာဏာရှင်ကို ဆန့်ကျင်သူ ကျောင်းသားမိဘများ၏ ထောက်ပံ့ငွေများပင်ဖြစ်သည်။

You can treat me a cup of coffee.

wave

Press ESC to close