စစ်ကောင်စီကို နည်းပညာဖြင့် အကူအညီပေးနေသည့် ကုမ္ပဏီများ | နိဂုံး

FISCA ၏ နာမည်ခွဲအမျိုးမျိုးနှင့် ကုမ္ပဏီများမှာ...

 

၁။ FISCA Security & Electrical Engineering Co., Ltd (၁၉၉၈ ခုနှစ်တွင် တည်ထောင်)

၂။ Myanmar FISCA Security & Communication Co., Ltd (၂၀၁၄ ခုနှစ်တွင် နာမည်ပြောင်း)

၃။ Yatanarpon Pan Myanmar (၂၀၀၉ သြဂုတ်တွင် တည်ထောင်)

၄။ Royal Pan Myanmar (၂၀၁၀ ဇန်နဝါရီတွင် တည်ထောင်)

၅။ Myanmar Best Security Services (၂၀၁၀ သြဂုတ်တွင် တည်ထောင်)

Myanmar FISCA ဟု နာမည်ပြောင်းလိုက်ပြီး နောင်းပိုင်း တွေ့ရသည့် မှတ်ပုံတင်စာရင်း။

ဆောင်းပါး အပိုင်း (၂) တွင် ဖော်ပြခဲ့ပြီးဖြစ်သည့် FISCA ကိုတည်ထောင်သူ မစ္စတာ ဖောယမ်ခွမ်းနာမည် ပျောက်သွားပြီးနောက်ပိုင်း ယူနန်တရုတ် ဦးဇော်ဝိတ်၊ ဇနီးဖြစ်သူ ဒေါ်စုစုအေး (ခေါ်) ဒေါ်အားဖန် နှင့် ယခင် ရဲမှူးချုပ်ဟောင်း ဦးစိုးမြင့်ထွန်းတို့သာ အထက်ပါကုမ္ပဏီများ၏ ဦးဆောင်နေရာများတွင် ပါဝင်တော့သည်ကို တွေ့ရသည်။

 

FISCA ပဲ့ကိုင်ရှင်နဲ့ သူ့ ဇနီး

 

မြစ်ကြီးနား မှတ်ပုံတင် [၁/မကန (နိုင်) ၀၈၁၉၀၃] ကိုင်ထားသည့် ဇော်ဝိတ်ခေါ် Eric Zaw Weit မှာ နည်းပညာလောကတွင် နာမည်ထွက်သူမဟုတ်ဘဲ တိတ်တဆိတ်နေခဲ့သူ ဖြစ်ပြီး ကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းများအားလုံးကို ပြည်ထဲရေးမှ အငြိမ်းစားယူလာသည့် ထိပ်ပိုင်း ရဲအရာရှိများကို နေရာပေးကာ ၎င်းက နောက်ကွယ်မှနေခဲ့ခြင်းဖြစ်သည်။

 

“ဦးဇော်ဝိတ်က တော်တော် မောက်မာတယ်၊ ပြီးတော့ မိုက်ရိုင်းတယ်။ အဲ့ကုမ္ပဏီမှာ လုပ်ဖူးတဲ့လူတိုင်း သိတယ်။ အာဏာသိမ်းပြီးကတည်းက ၅ လပိုင်းထိ ဝန်ထမ်းအများစုကို လစာမပေးဘူး။ တိုင်ချင်ရာတိုင်ဆိုတဲ့ သဘောပေါ့” ဟု ဦးဇော်ဝိတ်အကြောင်းကို သိရှိသူ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

 

ဇနီးဖြစ်သူ ဒေါ်အားဖန် (ခ) ဒေါ်စုစုအေးမှာ ရန်ကုန်မြို့၊ မြို့နယ်အနှံ့ရှိ My Apple Cake and Coffee ဆိုင်များကို ပိုင်ဆိုင်သူ ဖြစ်သည်။ FISCA ကုမ္ပဏီ၏ တည်ထောင်သူများစာရင်းတွင် ဒေါ်အားဖန်၏ နာမည်ပါဝင်နေသော်လည်း ၎င်းကို ကုမ္ပဏီ၏ အစည်းအဝေးများတွင် တွေ့ရလေ့ မရှိဟု သိရသည်။ ၎င်းနှင့်နီးစပ်သူများက “သူ့ကို ကျောက်စိမ်းလုပ်တယ်” ဟူ၍ သိထားကြသည်ဟုဆိုသည်။

 

Wewe Flowers & Gifts Shop, Flowers by Ashley ဟူသည့် ပန်းနှင့် လက်ဆောင်ပစ္စည်း ဆိုင်များ နှင့် Royal Myanmar ရွှေဆိုင်တို့မှာ ဒေါ်အားဖန်၏ ဖက်စပ် စီးပွားရေးလုပ်ငန်းများ ဖြစ်သည်။

ဒေါ်အားဖန် ပိုင်ဆိုင်သည့် Apple ကော်ဖီဆိုင်

 ဦးဇော်ဝိတ်နှင့် ဇနီးဖြစ်သူတို့မှာ ရန်ကုန်မြို့၊ ၉ မိုင် အေဝမ်းမှတ်တိုင်၊ ရတနာအိမ်ယာရှိ၊ မြန်မာမေဖလားဝါးဘဏ်ဝန်းအတွင်း နေထိုင်ကြပြီး ယင်းအနီးရှိ ရှမ်းဘုန်းကြီးကျောင်းဘေး မြေကွက်များကိုလည်း ဦးဇော်ဝိတ်က ပိုင်ဆိုင်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

 

“ရုံးကလည်း အဲ့ဒီ (ရတနာအိမ်ယာ) မှာပဲ။ သူတို့လည်း အဲ့ဒီမှာပဲ နေတယ်။ ပန်းလှိုင်မှာလည်း အိမ်ရှိသေးတယ်။ ရုံးအပေါ်ထပ်မှာ ကွန်ဒိုရှိတယ်” ဟု အထက်ပါ သတင်းရင်းမြစ်က ဆိုသည်။

 

FISCA က တင်ဒါအောင်မြင်နေခြင်း လျှို့ဝှက်ချက်

 

ဗိုလ်သန်းရွှေ၊ ဗိုလ်သိန်းစိန်မှသည် မင်းအောင်လှိုင်ထိ ဦးဇော်ဝိတ်နှင့် ဒေါ်အားဖန်တို့၏ FISCA ကုမ္ပဏီက အလွယ်တကူ တင်ဒါများ ရနေခဲ့သည့်အကြောင်းရင်းများအနက် သိသာ ထင်ရှားသည့်အချက်မှာ ပြည်ထဲရေးဝန်ကြီးဌာနမှ ထိပ်သီးခေါင်းဆောင်များကို ကုမ္ပဏီတွင် နေရာပေးထားနိုင်ခြင်းကြောင့် ဖြစ်သည်။

 

FISCA ကုမ္ပဏီတွင် လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ရဲအရာရှိဟောင်းများမှာ အငြိမ်းစား ရဲမှူးချုပ် စိုးမြင့်ထွန်း၊ အငြိမ်းစား ရဲမှူးကြီး သူရတင်လှ နှင့် အငြိမ်းစား ရဲမှူး ဝင်းမြင့် တို့ ဖြစ်သည်။

 

“ဦးစိုးမြင့်ထွန်းကိုကျတော့ ဦးဇော်ဝိတ်က Chairman (ဥက္ကဋ္ဌ) နေရာပေးထားတယ်။ ရှယ်ယာပါလို့ ပေးထားတာ မဟုတ်ဘူး။ ဒီအတိုင်း ပလိန်းကြီး ပေးထားတာ။ အဲ့ဒီလူတွေဆီကနေ တစ်ဆင့် Project (စီမံကိန်း) တွေကိုလိုက်တာ” ဟု ကုမ္ပဏီအတွင်းမှ သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

ယခုနှစ် ဇန်နဝါရီလ ၅ ရက်က ဦးဇော်ဇော်နှင့်အတူ တွေ့ရသည့် ရဲမှူးချုပ်ဟောင်း ဦးစိုးမြင့်ထွန်း။

 FISCA ကုမ္ပဏီ၏ အုပ်ချုပ်မှုဇယားတွင် ရဲမှူးချုပ် စိုးမြင့်ထွန်းမှာ ဦးဇော်ဝိတ်အထက်တွင်ပင် ရှိနေသည်။ ဦးစိုးမြင့်ထွန်း၏ ရာထူးမှာ ဘုတ်အဖွဲ့ဒါရိုက်တာ ဖြစ်ပြီး ၎င်း၏အောက်မှ ဦးဇော်ဝိတ်မှာ အုပ်ချုပ်မှု မန်နေဂျာ ဖြစ်သည်။

 

“ဒီလူတွေ ပိုက်ဆံ သိပ်မရကြဘူးလို့တော့ ပြောကြတယ်။ ဒါပေမယ့် သူတို့ရဲ့ ရာထူးနဲ့နာမည်ကို ဇော်ဝိတ်က ဝယ်လိုက်တဲ့ သဘောပေါ့။ ပွဲတွေ၊ တင်ဒါတွေ၊ တခြားလိုင်းကနေ ဝင်ရမယ့် နေရာတွေမှာ သူတို့နာမည်တွေကို သုံးလိုက်တာနဲ့ ပွဲပြတ်တယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။

 

FISCA ၏ အုပ်ချုပ်မှု ဇယား

ဦးစိုးမြင့်ထွန်းမှာ FISCA ကုမ္ပဏီတွင် တာဝန်ယူသေးသည် မကဘဲ မြန်မာ တရုတ် ချစ်ကြည်ရေး အသင်းကဲ့သို့ တရုတ်နှင့်ဆက်စပ်သည့် အသင်းများတွင်လည်း ထဲထဲဝင်ဝင်ပါဝင်နေသည်ကို တွေ့ရသေးသည်။

 

ရဲမှူး ဝင်းမြင့်မှာမူ ဦးဇော်ဝိတ်အောက်ရှိ အုပ်ချုပ်ရေးဌာနတစ်ခုအောက်မှ စီနီရာ အထွေထွေမန်နေဂျာ ဖြစ်သည်။ ၎င်းတာဝန်ယူထားသည့် ရာထူးမှာ ရဲမှူ ရာထူးနှင့် လိုက်ဖက်နေပြီး FISCA ကုမ္ပဏီ၏ ပို့ကုန်၊ သွင်းကုန် ကိစ္စရပ်များကို ကွပ်ကွဲရာတွင် ခေါင်းဆောင်အဖြစ် ခန့်ထားသည်ကို တွေ့ရသည်။

ရဲမှူး ဝင်းမြင့် (အငြိမ်းစား)

 

ရဲမှူး ဝင်းမြင့်မှာ အာဏာသိမ်းကာလ အတွင်း တပ်မတော်ထောက်ခံသူများ ရေးသားသည့် ဖေ့စ်ဘွတ်ပေါ်မှစာများကို တောက်လျှောက် မျှဝေနေခဲ့သည်ကိုလည်း တွေ့ရသည်။


ရဲမှူးချုပ်နှင့် ရဲမှူးတို့ကို ဦးဇော်ဝိတ်က FISCA တွင် အဓိက နေရာများပေးထားပြီး အငြိမ်းစားရဲမှူးကြီး သူရတင်လှကိုမူ Myanmar Best ကုမ္ပဏီ၏ အုပ်ချုပ်မှု ဒါရိုက်တာ ရာထူးပေးထားသည်။ သူရတင်လှမှာ ယခင် စစ်အစိုးရလက်ထက် ၂၀၀၈ ခုနှစ်က ဧရာဝတီတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီအဖွဲ့ဝင် တိုင်းရဲတပ်ဖွဲ့မှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ရဲမှူးကြီး သူရတင်လှ (အငြိမ်းစား)

သူရတင်လှ၏ သားငယ် ဦးကောင်းစည်သူမှာ ဂျပန်နိုင်ငံအခြေစိုက် ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ရန်ကုန်ရှိ Sumitomo Corporation တွင် ဒု မန်နေဂျာလုပ်ခဲ့ဖူးပြီး သတင်းရင်းမြစ်တစ်ဦး၏အဆိုအရ ၎င်းမှာ ယခုနှစ် အာဏာသိမ်းပြီးကာလ မေလကတည်းက Sumitomo မှ အလုပ်ထွက်သွားသည်ဟုသိရသည်။ ဇနီးဖြစ်သူ ဒေါ်ခိုင်ဇာသန့်မှာ Zar & Zar Co., Ltd နှင့် Zar & Zar Finance ၏ ပိုင်ရှင်ဖြစ်သည်။

 

နိဂုံး

 

နောင်ရိုးFISCA တို့ကဲ့သို့ ကုမ္ပဏီများသည် ယခင် ဗိုလ်သန်းရွှေ စစ်အစိုးရလက်ထက်၊ ဗိုလ်သိန်းစိန် လက်ထက်မှသည် အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်ထိ စစ်တပ်ကို နီးနီးကပ်ကပ် အကူအညီပေးကာ ကြီးပွားနေသည့် နည်းပညာကုမ္ပဏီများ ဖြစ်ကြသည်။ ၎င်းတို့ ကူညီခဲ့၊ ကူညီပေးနေဆဲ နည်းပညာများကို အာဏာရှင်စစ်တပ် သက်ဆိုးရှည်လာပါက တွင်တွင်ကျယ်ကျယ် အသုံးပြုလာတော့မည်ဖြစ်ပြီး ပြည်သူလူထု၏ လုံခြုံရေးနှင့် လွတ်လပ်စွာ ပြောဆိုခွင့်၊ သွားလာခွင့်များကို တင်းတင်းကြပ်ကြပ် ထိန်းချုပ်လာမည်ဖြစ်သည်။

 

ယင်းကဲ့သို့ ကုမ္ပဏီများတွင် လုပ်ကိုင်နေသူများ၊ ထိပ်သီးရဲအရာရှိဟောင်းများ၊ ၎င်းတို့နှင့်ဆက်စပ်သူများ၊ ယင်းကုမ္ပဏီများ၏ ဝန်ဆောင်မှုများကို အသုံးပြုနေသူများ၊ သံရုံးများ၊ စီးပွားရေးလုပ်ငန်းများမှာလည်း စစ်ကောင်စီ သက်ဆိုးရှည်စေရေးအတွက် အထောက်အပံ့ပေးနေသူများပင် ဖြစ်သည်။

 

စစ်ကောင်စီကို နည်းပညာဖြင့် အကူအညီပေးနေသည့် ကုမ္ပဏီများ အပိုင်း (၁) ကနေ အပိုင်း (၅) ထိ တစ်ပုဒ်ထဲပေါင်းပြီး အစအဆုံး ဖတ်လို့ရအောင် ပြန်တင်ပါမယ်ခင်ဗျာ။

 

You can treat me a cup of coffee.

wave

Press ESC to close