ဖမ်းဆီးခံ ကျောင်းသား ၄၀၀ ကျော် ခုချိန်ထိ မလွတ်လာသေး

ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်နေဆဲ ကျောင်းသား ကျောင်းသူအများစုပါဝင်သည့် သပိတ်စစ်ကြောင်းကို မတ် ၃ ရက်က ဖြိုခွင်းခံရပြီး ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသားကျောင်းသူ ၄၀၀ ကျော်မှာ ယနေ့ချိန်အထိ လွတ်မြောက်လာခြင်း မရှိသေးဟု ကျောင်းသားမိဘများက ပြောသည်။
 
ဖမ်းဆီးခံရသူ အများစုမှာ တက္ကသိုလ်အသီးသီးတွင် တက်ရောက်နေဆဲ အသက် ၂၀ ဝန်းကျင် လူငယ်များ ဖြစ်ကြပြီး တာမွေမှ General Strike Committee (GSC) သပိတ်စစ်ကြောင်းဖြင့် လိုက်ပါ ဆန္ဒထုတ်ဖော်ခဲ့ကြသူများ ဖြစ်သည်။
 
ဖမ်းဆီးခံခဲ့ရပြီးနောက် တာမွေ ကျိုက္ကဆံကွင်းတွင် ထိန်းသိမ်းခံခဲ့ရပြီး နေ့တွင်းချင်းပင် ကျောင်းသားမိဘများက ထုတ်ယူရန် ကြိုးစားခဲ့ကြေသော်လည်း အဆင်မပြေခဲ့ပေ။
 
“ဌာနအသီးသီးက ပါမောက္ခတွေ လိုက်ပြီး ကူညီကြပါတယ်။ ဒါပေမယ့်လည်း အဲ့နေ့ကတည်းက ကျိုက္ကဆံကွင်းက ပြန်သာ ပြန်လာခဲ့ရတယ်၊ မထူးခဲ့ဘူး” ဟု ကျောင်းသားမိဘတစ်ဦးက ပြောသည်။
 
ထို့နောက် ည ၉ နာရီကျော်အချိန်တွင် အဆိုပါကျောင်းသားကျောင်းသူ ၄၀၀ ကျော်ကို ကျိုက္ကဆံကွင်းမှ အင်းစိန်ထောင်သို့ ပြောင်းရွှေ့သွားပြီဟူသည့် သတင်းကို ကျောင်းသားမိဘများက ကြားခဲ့ရသည်။
 
“အဲ့ဒီနေ့ကတည်းက ဒီနေ့ထိ နေ့တိုင်း အင်းစိန်ထောင်ကို သွားတယ်။ ထောင်ရှေ့မှာ အထဲကို မုန့်တွေ ပို့လို့ရတယ်ဆိုလို့ နေ့တိုင်းလည်း မုန့်တွေ သွားပို့ပါတယ်” ဟု အင်းစိန်ထောင်ရှေ့ နေ့စဉ်သွားစောင့်နေသူ ကျောင်းသားမိဘတစ်ဦးက ဆိုသည်။
 
အင်းစိန်ထောင်က လွတ်လာပြီ၊ ကျိုက္ကဆံကွင်းကို ပြန်ရောက်နေပြီ၊ ယနေ့ညနေ ပြန်လွတ်မည်ဟု သတင်းများ နေ့စဉ်ကြားနေခဲ့ရပြီး ကျောင်းသားမိဘများမှာ သတင်းတစ်ခုကြားတိုင်း ပြေးလွှားနေကြရခြင်းဖြစ်သည်။
 
“ဘာလက်နက်မှ မပါ၊ ဆန္ဒထုတ်ဖော်ရုံနဲ့ ထောင်သွင်း အကျဉ်းချတယ်ဆိုတာဗျာ၊ ရက်စက်တာပေါ့။ ကျနော်တို့ သားသမီးတွေလည်း စိတ်ဓာတ်ကြံ့ကြံ့ခံပေးကြဖို့ ဒီကနေ မှာချင်ပါတယ်” ဟု ကျောင်းသားမိဘတဦးက ဆိုသည်။
 
ဖမ်းဆီးခံခဲ့ရသည့် နေ့ကတည်းက ရန်ကုန်တက္ကသိုလ်မှ သက်ဆိုင်ရာ ပါမောက္ခအသီးသီးသည် ကျောင်းသားများ လွတ်မြောက်ရန် ကြိုးစားခဲ့ကြသည်ဟု သိရသော်လည်း အကြောင်းမထူးခဲ့ပေ။
 
“ကျမတို့က ဆရာကြီး၊ ဆရာမကြီးတွေကို ကျေးဇူးလည်း တင်ပါတယ်။ ဖြစ်နိုင်ရင် ကြိုးစားပေးကြပါဦးလို့ ပြောချင်ပါတယ်။ ကျမတို့မှာ ဘယ်ကိုပြေးလို့ ပြေးတိုင်ရမှန်းမသိ ဖြစ်နေတာပါ” ဟု ကျောင်းသားမိဘတစ်ဦးက ဆိုသည်။

You can treat me a cup of coffee.

wave

Press ESC to close