ကုလ တပ်တွေ တကယ်ရောက်လာမှာလား

ကုလ က အရေးယူဖို့ လူဘယ်နှစ်ယောက် သေပေးရမလဲ...?
လူသေဆုံးမှု အရေအတွက်ပေါ် တိုင်းတာပြီးတော့ ကုလတပ်တွေ ဘယ်တော့မှ ဝင်လာမည်မဟုတ်ပါ။ ပထမဆုံး တစ်ချက်အနေနဲ့ ရခိုင်မှာ စစ်တပ်က လူပေါင်းများစွာ သတ်ပစ်ခဲ့တာအပြင် ကချင်၊ ရှမ်း၊ မွန်၊ ကရင်၊ ချင်း စတဲ့ဒေသတွေမှာ ပြည်နယ်သားပေါင်းစုံကို သတ်ဖြတ်မှုတွေ မရေမတွက်နိုင်အောင် လုပ်ခဲ့တာပါ။
ဒါပေမယ့် ကုလတပ်တွေ ဝင်ခဲ့သလား ကြည့်ပါ။ မဝင်ခဲ့ပါဘူး။ ဝမ်းနည်းစရာအကောင်းဆုံးက ကျနော်တို့ လျစ်လျူရှူခဲ့ကြတာပါပဲ။ အရေးယူမှုတွေလုပ်မယ်ဆိုတုန်းက ယူအန်ကိုတောင် ဝိုင်းဆဲခဲ့ကြပါသေးတယ်။ ထားပါတော့၊ ဆိုလိုရင်းကို ဆက်ကြရအောင်ပါခင်ဗျာ။
“ကုလ ငြိမ်းချမ်ရေးတပ်” (UN Peacekeepers) ဆိုတာက တကယ်တော့ ကုလဆိုတဲ့အဖွဲ့ကနေ အမိန့်ပေးလို့ ရတဲ့ တပ်မတော်ကြီး မဟုတ်ပါ။ နေရာတစ်နေရာတည်းမှာ တပ်ရင်း၊ တပ်မဆိုပြီး ပုံသေထားတာမျိုးလည်း မရှိပါ။ အဖွဲ့ဝင်နိုင်ငံတွေကနေ တပ်သားတွေ ပို့ပေးပြီး ဖွဲ့ရတဲ့ အဖွဲ့မျိုး ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၁၉၃ နိုင်ငံပေါင်းထားတဲ့အဖွဲ့ကို ကုလသမဂ္ဂလို့ ခေါ်တာ ဖြစ်ပါတယ်။​ ဒါကြောင့် တခုခုလုပ်မယ်ဆိုရင် ဒီ ၁၉၃ နိုင်ငံရဲ့ ဆွေးနွေးမှုနဲ့ မဲပေးမှုလိုပါတယ်။ ဒီ ၁၉၃ နိုင်ငံက ဆွေးနွေးပြီးတော့မှ လုံခြုံရေးကောင်စီလို့ ခေါ်တဲ့ UN Security Council ကို တင်ရပါတယ်။ ဒီကနေတစ်ဆင့် အဖွဲ့ဝင်နိုင်ငံတွေအားလုံးရဲ့ သဘောတူ ဆုံးဖြတ်ချက်နဲ့ လုပ်ဆောင်ကြရတာ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီ လုံခြုံရေးကောင်စီဆိုတဲ့ အဆင့်ကိုရောက်ဖို့အတွက် ၁၉၃ နိုင်ငံပါတဲ့ ကုလသမဂ္ဂအစည်းအဝေး (UN Assembly) မှာတင် ကြန့်ကြာနေတဲ့ ကိစ္စတွေ အများကြီးပါပဲ။ ပြီးတော့ အစည်းအဝေးမှာတင် ကန့်ကွက်မဲပေးကြတဲ့ နိုင်ငံတွေ အများကြီးရှိပါတယ်။ အပေးအယူ ကိစ္စတွေပါ။ ဒီကိစ္စကို တို့နိုင်ငံက သဘောတူလိုက်ရင် မင်းနိုင်ငံက ဘာပြန်မပေးမလဲ ဆိုတာမျိုးထိိ ပါဝင်ပါတယ်။ ရော့ နဂါး၊ ရော့ ပတ္တမြားဆိုတဲ့ ကိစ္စတွေ အများကြီးပါ။
ဥပမာ အနေနဲ့ မြန်မာအရေးဆွေးနွေးကြရင် တခါမှ မကြားဖူးတဲ့ အာဖရီကန် နိုင်ငံတွေက ဘာလို့များ မြန်မာကို ကန့်ကွက်ကြတာလဲဆိုပြီး အံ့သြဖူးပါလိမ့်မယ်။ တကယ်က မြန်မာကို ကန့်ကွက်မဲပေးတဲ့ အာဖရီကန် နိုင်ငံအများစုဟာ စိနရဲ့ အကြွေးနွံအောက် ရောက်နေတဲ့နိုင်ငံတွေပါပဲ။
ခုပြောနေတာတွေဟာ ၁၉၃ နိုင်ငံ မဲခွဲတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။ လုံခြုံရေးကောင်စီထိ မရောက်သေးပါဘူး။ နောက်ဆုံး ကန့်ကွက်မဲတွေရှိတယ်ဆိုဦးတော့၊ ကျန်နိုင်ငံတွေက ဒီကန့်ကွက်မဲတွေကို ဆန့်ကျင်ပြီး လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်နိုင်ပါတယ်။
မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး ဒီလို ကန့်ကွက်မဲတွေကို ဆန့်ကျင်ပြီး ခေါ်ယူခဲ့တဲ့ အစည်းအဝေးတွေ ရှိပါတယ်။ ဒါကို ကုလက တဖက်သတ် ဆုံးဖြတ်တယ်ဆိုပြီး မြန်မာတွေက ဝိုင်းဆဲခဲ့ကြဖူးပါတယ်။ ရခိုင်မှာဆိုရင် “ယူအန် အလိုမရှိ” ဆိုပြီးတော့တောင် ဆန္ဒထုတ်ဖော်ပွဲတွေ အကြီးအကျယ် ဖြစ်ခဲ့တာပါ။ ရန်ကုန်မြို့ ဆူးလေမြို့လယ်ခေါင်မှာလည်း ယူအန် အလိုမရှိတွေ အများကြီးရှိခဲ့ပါတယ်။
ကဲ နောက်ဆုံး လုံခြုံရေးကောင်စီကို ရောက်လာပြီပဲ သဘောထားပါ။ ဒီကောင်စီမှာ အင်အားကြီးနိုင်ငံပေါင်း ၁၅ နိုင်ငံရှိပါတယ်။ ဒီထဲက ၅ နိုင်ငံက ဗီတိုအာဏာရှိပါတယ်။ သိတဲ့အတိုင်း ဒီ ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို တရုတ် (စိန)နဲ့ ရုရှားတို့လို နိုင်ငံတွေက ဗီတိုအာဏာသုံးပြီး ပယ်ချနိုင်ပါတယ်။ ကုလ ငြိမ်းချမ်းရေးတပ်တွေကို စေလွှတ်ဖို့အတွက် ဆုံးဖြတ်ချက်ချနိုင်တာကလည်း ဒီ လုံခြုံရေးကောင်စီပဲ ဖြစ်ပါတယ်။
ဒါပေမယ့် အပေါ်မှာ ဆိုခဲ့သလိုပဲ ၁၉၃ နိုင်ငံ အစည်းအဝေးကနေ တဆင့် နောက်ဆုံး ၁၅ နိုင်ငံထိ ရောက်လာပြီးရင်တောင် ဗီတိုအာဏာသုံးမယ့်နိုင်ငံကြီးတွေကို မေ့လို့မရပါဘူး။
ဒါကြောင့် UN လို့ပြောကြပြီဆိုရင် အပြာရောင် UN တံဆိပ်ကြီးကိုပဲ ပြေးမမြင်ကြဘဲ ဒီတံဆိပ်အောက်မှာ ရှိနေတဲ့ အင်အားကြီးနိုင်ငံတွေကိုလည်း ပြေးမြင်ဖို့ လိုပါတယ်။ နိဂုံးချုပ်ဆိုရရင် ကုလငြိမ်းချမ်းရေးတပ်တွေ ရောက်လာမလားဆိုတာဟာ “အင်မတန် ဝေဝါးတဲ့ မျှော်လင့်ချက်” တခုသာ ဖြစ်ပါတယ်။

You can treat me a cup of coffee.

wave

Press ESC to close