NLD ပါတီ ရပ်ကျေးဥက္ကဋ္ဌ အပါအဝင် နှစ်ဦးကို ကြံ့ခိုင်ရေးပါတီ ထောက်ခံသူများက ဓားဖြင့် ခုတ်သတ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မကွေးတိုင်း ပွင့်ဖြူမြို့နယ် ကျောင်းကုန်းကြီးရွာ ရပ်ကျေးဥက္ကဋ္ဌနှင့် ၎င်း၏ တူဖြစ်သူတို့ကို ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ လူတစ်စုက ဓားဖြင့်ခုတ်၍ သေဆုံးသွားသည်ဟု ရပ်ကျေးဥက္ကဋ္ဌ၏ သားဖြစ်သူက ပြောသည်။
 
ယနေ့ နံနက်ပိုင်း ၈ နာရီကျော်ခန့်က NLD ရပ်ကျေးဥက္ကဋ္ဌဦးထွေးနိုင်၊ တူဖြစ်သူ မောင်နန်းဝေအောင်တို့ နှင့်အတူ မိသားစုဝင်များမှာ ရွာတစ်ဖက်ပိုင်းရှိ မိတ်ဆွေတစ်ဦး၏အိမ်သို့ သွားရောက်သတင်းမေးရာမှ အပြန်တွင် ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ ၁၅ ဦးခန့်က ၎င်းတို့ပိုင် သစ်စက်အရှေ့တွင် ဓားဖြင့် ဝင်၍ခုတ်ကြသည်ဟု ဦးထွေးနိုင်၏သားက ကျနော့်ကို ပြောသည်။
 
“အဖေ့ကို ဝင်ခုတ်တာ၊ ကျနော်တို့မှာ လူ ၈ ယောက်လောက်ပါတယ်။ ဒါပေမယ့် ဘာမှ ခုခံစရာမပါဘူး။ ဆိုတော့ အသက်လုပြေးကြရတာ။ သူတို့က ‘အဲ့ကောင်ကို သတ်မှ ဒုက္ခအေးမှာ၊ အဲ့ကောင်ကို သတ်ရင် တို့အောင်မြင်ပြီ’ ဆိုပြီး အော်ပြီး ဝင်ခုတ်တာ” ဟု ဦးထွေးနိုင်၏ သားက ကျနော့်ကို ပြောသည်။
 
အသက် ၅၃ နှစ်အရွယ် ဦးထွေးနိုင်မှာ ၂၀၁၂ ခုနှစ်ခန့်ကပင် NLD ရပ်ကျေးဥက္ကဋ္ဌအဖြစ် တာဝန်ယူနေသူ ဖြစ်ပြီး မောင်နန်းဝေအောင်မှာ အသက် ၁၇ နှစ်သာ ရှိသေးသည်။
 
“ဝင်ခုတ်တဲ့လူတွေက ကြံ့ခိုင်ရေးပါတီဝင်တွေဗျ။ ဦးကျော်ခိုင်ဦးရယ်၊ သူ့အစ်ကို ကျော်လင်းခိုင်ရယ်၊ နောက် ကျော်နိုင်ဦးနဲ့ သက်ထွန်းဦး တို့ပါတယ်။ ကျနော်ကိုယ်တိုင် မြင်ခဲ့ရတာ၊ သူတို့ လေးယောက် တစ်မအေတည်း တစ်ဖအေတည်း မွေးထားတဲ့ ညီအစ်ကိုအရင်းတွေချည်းပဲ” ဟု ဦးထွေးနိုင်၏သားက ဆိုသည်။
 
ဆက်လက်စုံစမ်းကြည့်ရာတွင် ဦးကျော်ခိုင်ဦးမှာ ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်နေရာအတွက် ကြံ့ခိုင်ရေးပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမတ်လောင်းဖြစ်သည်ကို တွေ့ရှိရသည်။ ထို့ပြင် ၂၀၂၀ ခုနှစ်၊ မေလ ၁၇ ရက်၊ ပွင့်ဖြူ ပြည်ခိုင်ဖြိုးစာမျက်နှာတွင် တင်ထားသည့် အချက်အလက်များအရ ဦးကျော်ခိုင်ဦးမှာ ကြံ့ခိုင်ရေး ပါတီအောင်နိုင်ရေးနာယက ဖြစ်သည်ကို တွေ့ရသည်။
 
သေဆုံးသွားပြီဖြစ်သည့် အလောင်းများကို ပွင့်ဖြူမြို့နယ် စစ်ဆေးရုံတွင် ကုသပေးမည်ဟုဆိုကာ စစ်သားနှင့် ရဲများက ကားဖြင့် လာယူသွားပြီး မိသားစုများကိုမူ “ရပါတယ်၊ အဆင်ပြေသွားလိမ့်မယ်၊ မလိုက်ပါနဲ့” ဟုဆိုကာ မလိုက်စေခဲ့ကြောင်း မိသားစုဝင်က ဆိုသည်။
 
ယခုအချိန်တွင် ဦးကျော်လင်းခိုင်နှင့် ဦးသက်ထွန်းဦးတို့ကို ပွင့်ဖြူအချုပ်တွင် ဖမ်းမိထားပြီဟု သိရပြီး ဓားဖြင့်ဝင်ခုတ်ရာတွင် ပါဝင်ခဲ့သူကျန် ၁၀ ဦးကျော်မှာ ထွက်ပြေးလွတ်မြောက်နေဆဲ ဖြစ်သည်ဟု သိရသည်။
 
“ကျနော်တို့က ရဲစခန်းကို အမှုဖွင့်ဖို့တောင် မသွားရဲဘူးဖြစ်နေတယ်။ လွတ်တဲ့လူတွေကလည်း လွတ်နေသေးတော့လေ။ ရဲစခန်းသွားဖို့တောင် လူအင်အားလိုနေတယ်ဗျာ၊ ကူညီပါဦး” ဟု ဦးထွေးနိုင်၏သားက ကျနော့်ကို ပြောသည်။

You can treat me a cup of coffee.

wave

Press ESC to close