အကြမ်းဖက် စစ်ကောင်စီရဲ့ အကြံ မျက်ခြေပြတ်လို့မရပါ

အကြမ်းဖက်စစ်​အုပ်စုဟာ သူတို့ရဲ့ လမ်းစဉ်ဟောင်းအတိုင်း သပ်လျှိုသွေးခွဲမယ့် အကြံယုတ်တွေကို စသုံးနေပြီဖြစ်ပါတယ်။ မတရားဖမ်းဆီးထားသူများထဲက တချို့တဝက်ကို ​မေတ္တာ​ရှေ့ထား လွှတ်ပြပြီး၊ ပုံမှား ရိုက်ပါ​တော့မယ်။

 

ကျွန်တော်တို့ အားလုံးသိပြီးသားဖြစ်တဲ့ အစတည်းက မဖမ်းသင့်တဲ့သူ​တွေကို ဖမ်းထားတာဖြစ်တဲ့အတွက်၊ လွှတ်​ပေးတယ်ဆိုလို့လဲ ဘာ​ကျေးဇူးမှ တင်စရာမရှိပါဘူး" ဖမ်းဆီးထားတဲ့ ၆၀၀၀ ဝန်းကျင်ထဲကမှ ဇကာစစ်ထုတ်၊ ခွေးရူး​တွေ လိုချင်တဲ့​ နိုင်ငံ​ရေးသမား၊ ​တော်လှန်​ရေးသမား၊ တက်ကြွလှုပ်ရှားသူများကို ချန်ထားခဲ့ပြီး၊ အချို့အဝက်ကိုသာ ဟန်ပြလွှတ်မယ်ဆိုတာ အားလုံးအသိပါ။

 

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ ခုလိုနိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးတာရဲ့ နောက်ကွယ်က ရည်ရွယ်ချက်တွေကိုလည်း ကျွန်တော်တို့ မြင်အောင်ကြည့်ရမှာပါ။ နိုင်ငံတကာရော ပြည်တွင်းစစ်မျက်နှာပြင်မှာပါ မရှုမလှခံနေရတဲ့ စစ်အုပ်စုအနေနဲ့ အခုလို လုပ်တာဟာ နိုင်ငံတကာစာမျက်နှာအတွက်နဲ့ ပြည်တွင်းတော်လှန်ရေးအင်အားစုတွေကြားမှာ သပ်လျှိုသွေးခွဲဖို့ ရည်ရွယ်ချက်နဲ့လုပ်တာဖြစ်နိုင်ပါတယ်။

 

ထို့ကြောင့် ကျ​နော်တို့ ​တော်လှန်​ရေးအင်အားစုများအ​နေနဲ့​တော့ သတိကြီးကြီးထားဖို့ လိုပါတယ်။ ကိုယ့်ရဲ​ဘော်ရဲဘက်​တွေထဲက၊ မိတ်​ဆွေ​တွေထဲက လွတ်​မြောက်လာသူ​တွေ ရှိလာမှာ၊ ပါလာမှာပါ။ ကျ​နော်တို့ သူတို့အ​ပေါ် ဘယ်လိုသဘောထားမလဲ? ဘယ်လို ဆက်သွယ်လက်ခံမလဲဆိုတာတွေ ရဲဘော်ရဲဘက်တွေကြားမှာ တိုင်ပင်ဆွေးနွေးထားသင့်ပါတယ်။

 

ကျ​နော်တို့ရဲ့ လက်တွဲဘက်​တွေဖြစ်​ပေမယ့် ဘယ်လိုပဲ​ပြော​ပြော အကြမ်းဖက်အုပ်စုရဲ့ marking ရှိပြီးသားပုဂ္ဂိုလ်​တွေ ဖြစ်​​နေတာကို သတိပြုရပါမယ်။ သူတို့ရဲ့ ​နေရပ်၊ ဖုန်း စတာ​တွေအပြင် လှုပ်ရှားသွားလာမှုကို ပစ်မှတ်ထား ​စောင့်ကြည့်တာမျိုး​တွေလဲ ရှိ​နေနိင်ပါတယ်။

 

ဒါ​ကြောင့်​​မြေ​​အောက်​တော်လှန်​ရေးလှုပ်ရှားတဲ့ ရဲ​ဘော်များအ​နေနဲ့ လွတ်​မြောက်လာ​သောရဲ​ဘော်များနဲ့ ပြန်လည်ချိတ်ဆက်တဲ့​နေရာမှာ

- သူတို့နဲ့ဆက်သွယ်ဖို့ သီးသန့်ဖုန်းနံပါတ်တပ်ဆင်ထားတဲ့ handset ကို အသုံးပြုတာမျိုး

- ဆက်သွယ်ရာမှာ လုံခြုံ​ရေးအဆင့်အတန်း သတ်မှတ်ထားပြီး အဆင့်အလိုက် လိုအပ်​သောချိတ်ဆက်မှုကိုသာ ပြုလုပ်တာမျိုး

- အနည်းဆုံး ၁၄ ရက်မှ ရက် ၃၀ အထိ ​လေ့လာ​စောင့်ကြည့်ပြီးမှ လူချင်း​တွေ့တာမျိုး.....

အစရှိသဖြင့် ကြုံတွေ့လာမယ့် အန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်ထားဖို့​တွေ လိုပါတယ်။

 

အခုလို​သတိ​ပေးစကား​တွေ​ပြောရတာဟာ အချင်းချင်းကြား ​​သွေးခွဲတာလဲမဟုတ်သလို၊ လွတ်​မြောက်လာသူ​တွေနဲ့ လက်တွဲဖြုတ်ဖို့လဲ မဟုတ်ပါဘူး။ တစ် နှစ်ပိုင်းတပိုင်း ဆိုတဲ့ ပျား​ဂေဟာကြီးကို မမှီခဲ့​ပေမယ့်၊ ၈၈​နောက်ပိုင်း ဗိုလ်ခင်ညွန့်လက်ထက်ကထဲက ​မြေ​ပေါ် နဲ့ ​မြေ​အောက်၊ ​ကျောင်းသား နဲ့ အရပ်သား၊ ပါတီ နဲ့ လက်နက်ကိုင်၊ ​ထောင်ကျ နဲ့ ဝရမ်း​ပြေး... ​ပေါင်းစုံမှာ သပ်လျှို​သွေးခွဲခဲ့ကြတာကို ဖြတ်သန်းမှု​တွေအရ ​တွေ့ခဲ့ကြုံခဲ့ ဆုံခဲ့ကြရတာဖြစ်တာ​ကြောင့် အခုလို ​တော်လှန်​ရေးအရှိန်​ကောင်း​နေ​​​သောကာလမှာ မြင်း​ကောင်းခွာလိပ် မဖြစ်​စေဖို့ သတိ​​ပေးရခြင်းသာ ဖြစ်ပါတယ်ခင်ဗျား။

 

သိပ်မကြာခင် ကျွန်တော်တို့ လိုချင်တဲ့ပန်းတိုင်ဟာရောက်တော့မှာပါ။ ကျွန်တော်တို့ ရဲဘော်ရဲဘက်တွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ထုတ်သုံးလာနိုင်တဲ့ အကြံယုတ်တွေကို သတိထား လှုပ်ရှားသွားမယ်ဆိုရင် အောင်ပွဲဟာ မဝေးတော့ပါဘူး။

 

အ​ရေး​တော်ပုံ... မုချ... ​အောင်ရမည်။

 

 

မှတ်ချက်။ ယခုဆောင်းပါးသည် စာရေးသူ မြေအောက် ရဲဘော်တစ်ဦး၏ အာဘော်သာဖြစ်ပြီး Mratt's Channel ၏ အာဘော်မဟုတ်ပါ။

You can treat me a cup of coffee.

wave

Press ESC to close