Puma Energy ၏ နည်းပညာနှင့် အဆောက်အအုံများကို အသုံးပြု၍ စစ်ကောင်စီက ဆက်လက်လည်ပတ်နေ

အာဏာသိမ်းပြီးနောက် နိုင်ငံတကာစွမ်းအင်ကုမ္ပဏီဖြစ်သည့် Puma Energy က လုပ်ငန်းများကို ရပ်တန့်မည်ဟု ကြေညာခဲ့သော်လည်း မင်းအောင်လှိုင်စစ်တပ်က Puma ၏ နည်းပညာနှင့် အဆောက်အအုံများကို ထိန်းသိမ်းလိုက်ကာ လေယာဉ်ဆီ တင်သွင်းဖြန့်ဖြူးခြင်းများ ဆက်လက်ပြုလုပ်နေသည်။

 

Puma Energy နှင့် မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်း (MPPE) တို့မှာ အကျိုးတူ ပူးတွဲလုပ်ကိုင်နေခဲ့ခြင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် Puma က၎င်းတို့၏ လုပ်ငန်းများကို ရပ်တန့်သွားမည်ဟု ၎င်းတို့၏ Facebook စာမျက်နှာပေါ်တွင် ထုတ်ပြန်ခဲ့သည်။ သို့သော် Mratt’s Channel က ယနေ့ စစ်ဆေးကြည့်ပြီးနောက် အတည်ပြုနိုင်သည်မှာ ယင်းထုတ်ပြန်ချက်ကို မတွေ့ရတော့ပေ။​

 

ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ရပ်တန့်မည်ဟု ကြေညာခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် သီလဝါရှိ Puma ၏ ဆီသိုလှောင်ရုံများကို မင်းအောင်လှိုင်စစ်တပ်က ထိန်းချုပ်လိုက်ကြောင်း သတင်းရေးခဲ့ပြီး ဖြစ်သည်။

 

Puma Energy တွင် MPPE မှ ပြောင်းလာသည့် ဝန်ထမ်းများလည်း ယခင်ကတည်းက ရှိနှင့်နေပြီး ၎င်းတို့အနက်မှ အချို့မှာ အာဏာသိမ်းပြီးနောက် CDM မလုပ်ခဲ့ဘဲ ယနေ့ချိန်ထိ လုပ်ငန်းခွင် ဝင်နေကြဆဲ ဖြစ်သည်။  

 

မင်းအောင်လှိုင်စစ်တပ်က Puma ပိုင် အဆောက်အအုံများရှိရာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဆီသိုလှောင်ကန်များရှိရာ သီလဝါဆိပ်ကမ်းတွင် လုပ်ငန်းလည်ပတ်နေခဲ့ခြင်း ဖြစ်သည်။

 

ယခုလ (ဧပြီ ၆) ရက်မှာတော့ Puma ကုမ္ပဏီရဲ့ မန်နေဂျာများမှ တစ်ဆင့် ဝန်ထမ်းများကို “အတင်းအကြပ် လုပ်ငန်းခွင် ပြန်ဝင်ဖို့ ဖိအားပေးလာပါတယ်” ဟု Puma ကုမ္ပဏီဝန်ထမ်း တစ်ဦးက ဆိုသည်။ ထို့ပြင် ဧပြီ ၇ ရက်နေ့ထိ လုပ်ငန်းခွင့် ပြန်မဝင်ပါက “အလုပ်ထုတ်ရုံတင်မဟုတ်ဘဲ ပုဒ်မ တပ်ပြီး အရေးယူမည်” ဟု ကုမ္ပဏီက ဖိအားပေးလာသည်ဟု သိရသည်။​

 

မိမိအိမ်တွင် အင်တာနက် မရတဲ့သူတွေက (သိမ်ဖြူလမ်းရှိ) Union Business Center မှာ အလုပ်ဆင်းရမယ်၊ FTTH (ဖိုင်ဘာအင်တာနက်) ရတဲ့သူတွေက အိမ်ကနေ အလုပ်လုပ်ရမယ်ဟူ၍ ကုမ္ပဏီက အမိန့်ထုတ်ခဲ့သည်။ ဝန်ထမ်းအချို့မှာ အာဏာသိမ်းပြီးကတည်းက ယနေ့ထိ အလုပ်လုပ်နေကြဆဲဖြစ်သော်လည်း နယ်ပြန်နေကြသူများနှင့် ဖိုင်ဘာအင်တာနက် မရသူများအားလုံး ဧပြီ ၂၀ (မနက်ဖြန်) တွင် အလုပ်ဆင်းရမည်ဖြစ်သည်။

 

ထို့ပြင် သင်္ကြန် ပိတ်ရက်များအတွင်းလည်း လေယာဉ်ဆီတင်သင်္ဘောတစ်စီးက Puma ၏ဆိပ်ကမ်းရှိရာ ရန်ကုန်သီလဝါသို့ ဆိပ်ကပ်ခဲ့သေးသည်ဟု သိရသည်။

 

အ​ခြေအ​နေ​ကြောင့် အလုပ်ထဲဝင်ရမယ့်သူ​တွေကိုလည်း နားလည်ပါတယ်။ ဒါ​ပေမယ့် အသက်​ပေးခဲ့ရတဲ့သူ​တွေအတွက် ပြန်ကြည့်​ပေး​စေချင်တယ်။ ​လော​လောဆယ်မှာ Puma က တစ်ခုတည်း​သော Jet Fuel supporter (လေယာဉ်ဆီ ထောက်ပံ့သူ) ဖြစ်​နေ​​တော့ သူရပ်တန့်သွားရင် ​တော်​တော်ထိ​ရောက်မှာပါဟု သတင်းပေးလာသူက ဆိုသည်။

 

မင်းအောင်လှိုင် စစ်တပ်သည် တိုင်းရင်းသားဒေသများတွင် စစ်ဆင်ရေးပြုလုပ်ခဲ့ရာမှာ တိုက်လေယာဉ်များကို အသုံးပြုကာ လေကြောင်းမှ တိုက်ခိုက်မှုများ ရှိခဲ့သည်။ ၎င်းတိုက်ခိုက်မှုများကြောင့် အနည်းဆုံး ၆ ဦးခန့် သေဆုံးခဲ့ကာ လူပေါင်း ၈၀၀၀ ကျော်နီးပါး စစ်ပြေးဒုက္ခသည် ဖြစ်ခဲ့ရသည်။

You can treat me a cup of coffee.

wave

Press ESC to close