တပ်မ ၅၅ နှင့် ၄၄ စစ်သားများပါသည့် ယာဉ်အစီးရေ ၃၀ ကျော် ရခိုင်မှ ပြည်ဘက်သို့ ဆင်းလာနေ  

စစ်ကောင်စီ တပ်မ ၅၅ နှင့် ၄၄ တို့မှ စစ်သားများ တင်ဆောင်လာသည့် ကားအစီးရေ ၃၀ ခန့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ပြည်ဘက်သို့ ယနေ့ ညနေ ၄ နာရီခန့်က ဆင်းလာနေကြောင်း ကိုယ်တိုင် မြင်တွေ့ရသည့် ဒေသခံများက ပြောသည်။

 

၅၅ မှာ ရှမ်းပြည်နယ် ကလောအခြေစိုက် တပ်မဖြစ်ပြီး ၄၄ မှာ မွန်ပြည်နယ် ကျိုက်ထို အခြေစိုက် တပ်မ ဖြစ်သည်။ ရခိုင်ပြည်နယ်တောင်ပိုင်း တောင်ကုတ်မြို့မှ ထွက်လာပြီး တောင်ကြားလမ်း၊ စွတ်ပစ်ကျေးရွာအနီးမှာ ယင်းယာဉ်တန်းမှ တစ်စီး တိမ်းမှောက်နေသည်ကိုလည်း တွေ့ရကြောင်း ကိုယ်တိုင် မြင်တွေ့ခဲ့သူက ဆိုသည်။

 

ကားတစ်စီးက ပက်လက်လန်သွားတာ၊ ဒဏ်ရာရများတယ်ထင်တယ်။ အနီးနားက ရဲတွေ သွားတာ တွေ့ခဲ့တယ်ဟု သတင်းရင်းမြစ်က ဆိုသည်။ ဒဏ်ရာရ၊ သေဆုံး ရှိ မရှိ ကို အတိအကျ မသိရသေးပေ။

 

တပ်မ ၅၅ မှာ ၂၀၂၀ ဖေဖော်ဝါရီက အေအေနှင့် မြန်မာစစ်တပ်တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် အများဆုံးပါဝင်ခဲ့သည့် တပ်မတစ်ခု ဖြစ်သည်။


ယခုကဲ့သို့ တပ်မနှစ်ခု ပါဝင်သည့် စစ်ယာဉ်တန်း ရခိုင်မှ ပြည်ဘက်သို့ ဆင်းလာခြင်းမှာ အာဏာမသိမ်းခင်က တွေ့ရလေ့မရှိခဲ့ပေ။ ပြီးခဲ့သည့် ရက်ပိုင်းက ဂျပန်နိုင်ငံမှ အထူးကိုယ်စားလှယ် မစ္စတာ ဆာဆာကာဝါ ရောက်ရှိလာခဲ့ပြီး ရက္ခိုင့်တပ်တော် (AA) မှ ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံခဲ့ပြီး ‘နှစ်ဘက် ပစ်ခတ်မှုများ လုံးဝ မလုပ်ကြရန် မှာကြားခဲ့ကြောင်း’ ပြောဆိုထားသေးသည်။

 

ရခိုင်ပြည်နယ် အေအေနှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲများ ရပ်တန့်ထားခဲ့သည်မှာ တစ်နှစ်ကြာမြင့်ခဲ့ပြီး ဖြစ်သော်လည်း မစ္စတာဆာဆာကာဝါ မြန်မာနိုင်ငံသို့ မရောက်မီရက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ထိတွေ့မှု အချို့ ရှိခဲ့သည်။

You can treat me a cup of coffee.

wave

Press ESC to close