ဝင်ထားသမျှ ဂရုတွေထဲက ထွက်လိုက်ပါ  

ဝင်ထားသမျှ ဂရုတွေထဲက ထွက်လိုက်ပါ   


သတင်းမှား ပျံ့တဲ့အထဲ ပုံမှန်အားဖြင့် လူတွေ သိကြတာက တာဇံတွေဖွင့်ထားတဲ့ စာမျက်နှာတွေ၊ စိတ်ဓာတ်တက်ကြွပေမယ့် သတင်းအကြောင်း မသိတဲ့ ကလေးလေးတွေ၊ စပိကောက်ပေးပါဦးဆိုတဲ့အဖွဲ့တွေနဲ့ တစ်ဖက်မှာတော့ ဒါတွေကို ပြန်အသုံးချပြီး ထပ်ဆင့်လွှင့်တဲ့ စစ်ကောင်စီ၊ ကြံ့ခိုင်ရေးနဲ့ အမျိုးသားရေးအစွန်းရောက် အဖွဲ့တွေရဲ့ သတင်းမှားတွေပါပဲ။

 

ဒီနေရာမှာ သာမန်အသုံးပြုသူတွေအဖို့ သိပ် သတိမထားမိကြတဲ့ သတင်းမှားတွေ အဓိကပျံ့ရာနေရာရှိပါတယ်။ အဲ့ဒါက 'ချစ်မြတ်နိုးသူများ' ဂရုတွေပါ။

 

(၁) 'တပ်မတော်ကို ချစ်မြတ်နိုးသူများ' 'ဆရာတော်ဦးဝီရသူကို ချစ်မြတ်နိုးသူများ' 'ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ ဖြစ်စေလိုသူများ' 'ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထောက်ခံသူများ' နဲ့ 'သီတဂူဆတော်ကြီး၏ သားတပည့်များ' စသဖြင့် ရှိသလိုပဲ...

 

(၂) 'အမေစုကို ချစ်မြတ်နိုးသူများ' 'အန်အယ်ဒီပါတီတစ်ခုတည်းကိုပဲ ထောက်ခံသူများ' 'အမေစုကို ထောက်ခံသူ မလေးရှားရောက်မြန်မာများ ဆုံစည်းရာ' 'အန်ယူဂျီကို ချစ်မြတ်နိုးသူများ သီးသန့်' 'ဆရာကြီးဇော်ဝေစိုးကို ထောက်ခံသူများ' စသဖြင့်.... ရှိသလို...

 

(၃) 'အဆုံးသတ်တိုက်ပွဲ နွှဲရမည်' 'သတင်းမှန်များ သီးသန့် ဖြန့်ဝေရာ' '7Days သတင်းများ' 'ဘက်မလိုက် သတင်းများ ဖြန့်ဝေရာ' 'အမှန်တရား ဘက်တော်သားများ' စသဖြင့်လည်း ရှိပါတယ်။ ဒါတောင် ဒေသအလိုက် ဖွဲ့ထားတဲ့ ဂရုတွေ မပါသေးဘူး။ ဥပမာ 'စမ်းချောင်း သတင်းမှန် အဖွဲ့' တို့ 'လပွတ္တာ သတင်းထုတ်ပြန်ရေး' တို့....

 

ဒီနာမည်တွေ သွားမရှာကြည့်ပါနဲ့ မရှိပါဘူး။ ဆင်တူတာတွေကို ချရေးထားတာပါ။ တကယ်က ဒီထက်ဆိုးတဲ့ နာမည်နဲ့ အဖွဲ့တွေတောင် ရှိပါသေးတယ်။ 'သမ္မတကြီး ဦးသိန်းစိန်ကို နောက်တစ်ကြိမ် သမ္မတဖြစ်လိုသူများ' ဆိုပြီးတောင် တွေ့ဖူးတယ်။ ခုတော့ ရှိသေးရဲ့လားတော့ မသိ။

 

[သိထားသူတွေအဖို့တော့ ဒါတွေက ဟာသတွေပါဆိုပြီး ထားလိုက်နိုင်ပေမယ့် မကျွမ်းဝင်သူတွေအဖို့ ဖေ့စ်ဘွတ်မှာ တက်လာသမျှ သတင်းပါပဲ။ ဒါကြောင့် ဒီစာတိုလေးကို ရေးရတာပါ။ ဖေ့စ်ဘွတ်သုံးသူ ၂၅ သန်းကျော်မှာ ၂၅ ယောက်လောက်ပဲ သိသွားရင် တစ်ခုခုအကျိုးထူးနိုင်မယ်လို့ ရည်သန်ပါတယ်]

 

ပြဿနာက ဒီ ဂရုတွေ (၁) နဲ့ (၂) ထဲက အဖွဲ့ဝင် အများစုက တစ်ဖက်တည်းမှာပဲ သီးသန့်ရပ်ချင်ကြသူတွေဆိုတော့ တဖက်အဖွဲ့က သတင်းတစ်ခု ပျံ့လာတာနဲ့ အားရဝမ်းသာ တင်ချလိုက်တာ။ ပီဒီအက်ဖ် နှစ်ဆယ်ကျော် သေဆုံး ဆိုတာမျိုးက နံပါတ် (၁) ဂရုတွေထဲက အဓိက ပျံ့ပါတယ်။ 'စိုးဝင်းသေပြီ တဲ့ဟေ့' ဆိုတာမျိုးကကျ နံပါတ် (၂) ဂရုတွေထဲက အဓိက ပျံ့ပါတယ်။

 

အများစုက ပြီးမှ အပြင်ကို ရောက်လာတာ တွေ့ရတယ်။ ဒါက ကျနော် တွေ့တဲ့ သူတို့ပုံစံ (Pattern) ပေါ့။ တခြားပုံတွေလည်း ရှိပါဦးမယ်။ အဲ့ဒီ 'ချစ်မြတ်နိုးသူ' တွေထဲမှာ 'အလွန်တရာ ချစ်မြတ်နိုးသူတွေ' ပါနေရင် ပိုပြီး ဒုက္ခများနိုင်ပါတယ်။ သူတို့စိတ်ထဲ ထင်ရာမြင်ရာ စွတ်ယုံကြတာပါပဲ။

 

၂၀၁၉ စက်တင်ဘာက အရှေ့တောင်အာရှဆိုင်ရာ Facebook Team နဲ့ ရန်ကုန်မှာ အင်တာဗျူးခွင့်ရပါတယ်။ အဲ့တုန်းက ကျနော်က မေးပါတယ်။ အထူးသဖြင့် ဒီ ဂရုတွေနဲ့ဆိုင်တဲ့ကိစ္စပါ။

 

အဲ့ဒီမှာ Facebook ရဲ့ အရှေ့တောင်အာရှ၊ အများပြည်သူဆိုင်ရာ မူဝါဒချမှတ်ရေးအဖွဲ့ ဒါရိုက်တာ Rafael Frankel က ဘာပြောလဲဆိုတော့ ဒီလို ဂရုတွေရှိတာကို သူတို့ သိပါတယ်၊ ကွန်မူနတီ စတန်းဒါ့ (သတ်မှတ်ထားတဲ့ စည်းမျဉ်း)တွေနဲ့ မညီရင် ဖြုတ်ချပါမယ်ဆိုတာပဲ ပြောတယ်။ ဒီလို ဂရုတွေအတွက် Facebook မှာ အဖြေမရှိပါဘူး။

 

ဒါကြောင့် ဖေ့စ်ဘွတ် ဂရုတွေဟာ အဓိက သတင်းမှား ဖြန့်ရာနေရာတွေ ဖြစ်နေပေမယ့်လည်း Facebook က ဝင်ကြည့်လို့ရပေမယ့် သိသာတဲ့ အရေးယူမှု မလုပ်နိုင်သလို 'ချစ်မြတ်နိုးသူ' တွေကလည်း အရင်လိုပဲ ကိုယ်ပျော်ချင်တဲ့သတင်းတွေ တင်ရင်း သတင်းမှားတွေ ဖြစ်မှန်းမသိ ဖြစ်လာနေတော့တာပါပဲ။

 

ဒါကြောင့် သတင်းမှန် ဖတ်လိုသူတွေအနေနဲ့ သတင်းမှားတွေရန်က ဝေးအောင် လုပ်ရမယ့် နည်းတစ်ခုက ရှိသမျှ ဂရုတွေထဲက ထွက်လိုက်ကြပါ။ သတင်းတစ်ခု ဖတ်မယ်ဆိုရင် အနည်းဆုံး အချိန် ၁၀ မိနစ်လောက် ပေးပါ။ Blue Mark ရထားတဲ့ သတင်းဌာနကြီးတွေနဲ့တိုက်ဆိုင် စစ်ဆေးပါ။ သတင်းမှားတွေ ရှောင်ရှားလို့ရအောင် ဝင်ထားသမျှ ဂရုတွေထဲက ထွက်လိုက်ကြပါခင်ဗျာ။

 

အဲ.... 'အိမ်ထောင်ရှင် အမျိုးသမီးများ သီးသန့်' တို့၊ 'အိမ်ထောင်ရေး ပြဿနာများ ဖြေရှင်းရာ' တို့ စတဲ့ ဂရုတွေကတော့ ချွင်းချက်ပေါ့လေ။ ဒါတွေကတော့ ကိုယ့်ရွေးချယ်မှုပေါ့။ တစ်ခုတော့ ရှိသေးတယ်။ အဲ့လို ဂရုတွေမှာ နိုင်ငံရေးနဲ့ဆိုင်တဲ့ သတင်းတွေ တက်လာရင်လည်း မယုံကြပါနဲ့ဦးခင်ဗျား....

 

အိမ်ထောင်ရေး အဆင်ပြေကြပါစေ....

အဲလေ....

သတင်းမှားတွေရန်က ကင်းဝေးကြပါစေ။


You can treat me a cup of coffee.

Paypal


About Mratt

သတင်း၊ ဆောင်းပါးနဲ့ ဖန်တီးစာတွေ ရေးတယ်။ စာရေးခြင်းနဲ့ပဲ အသက်မွေးဝမ်းကျောင်းပြုတယ်။ ကဗျာတွေကို ချစ်တယ်၊ ဂစ်တာ နည်းနည်း တီးတယ်။ Blues ကို သစ်ရွက်ခြောက်တွေကြား ခံစားတယ်။ ရံဖန်ရံခါ Heavy Metal တွေ နားထောင်တယ်။ Fixed Gear စက်ဘီး စီးတယ်။ ဘာသာတရားကိုးကွယ်မှုကို လေးစားပေမယ့် မယုံကြည်ဘူး။